မြန်မာ အသင်းနှင့် ခြေစမ်းဖွယ် ရှိနေသည့် မက်ဆီဒိုးနီးယား အသင်း
ဒီဇင်ဘာ ၃၀၊ ရန်ကုန်
မြန်မာ့ လက်ရွေးစင် အသင်းသည် လာမည့် ၂၀၁၆ တွင် မက်ဆီ ဒိုနီးယား အသင်း အပါအ၀င် ဥရောပ အသင်း အချို့နှင့် ခြေစမ်း ကစားရန် စီစဉ်မှုများ ပြုလုပ်လျက် ရှိသည် ဟု မြန်မာနိုင်ငံ aဘာလုံးအဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ် ၂ ပွဲ ကစားရန် ကျန်ရှိနေသေးသလို ဒီဇင်ဘာလတွင်လည်း ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။
“ မက်ဆီဒိုနီးယားနဲ့ ကန်ဖို့ နည်းပြကြီးက တောင်းဆိုထားတာပါ။ သူတို့ဆီကို ဒီရက်ပိုင်းအတွင်း လှမ်းဖိတ်မှာပါ။ ကန်မှာကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ဘောလုံးပြက္ခဒိန်အတိုင်းပဲ ကစားမှာပါ။
အခြား ဥရောပအသင်းအချို့နဲ့လည်း ကစားဖို့ချိတ်ဆက်နေပါတယ်။ ” ဦးကိုကိုသိန်း က ပြောသည်။
မက်ဆီဒိုးနီးယားအသင်းမှာ လက်ရှိ ကမ္ဘာ့အဆင့် ၁၀၅ တွင်ရပ်တည်နေသောအသင်းဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် စပိန်၊ အီတလီ၊ အယ်လ်ဘေးနီးယား၊ အစ္စရေး၊ လက်ချင်စတိန်း အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၆တွင် မက်ဆီဒိုးနီးယားအသင်းနှင့် ခြေစမ်းရန် စီစဉ်မည့် အပြင် ဖိလစ်ပိုင်၊ ဟောင်ကောင်အစရှိသည့် အသင်းများကို ခြေစမ်းရန် ဖိတ်ကြားထားသလို လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတစ်ရပ်ကို မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ရန် ဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
မဇ္ဈိမသတင်း by mizzima
Originally published at - http://mizzimaburmese.com/article/9212
No comments:
Post a Comment