
ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲ အဖွင့် ပွဲစဉ်မှာ မြန်မာယူ - ၁၆ အသင်းက သြစတြေးလျ ယူ - ၁၆ အသင်းနဲ့ တဂိုးစီ သရေကျ သွားပါတယ်။
ဇူလိုင် ၁၀ ရက်က ယှဉ်ပြိုင်တဲ့ အဲဒီပွဲမှာ မြန်မာ အသင်းက အဖွင့်ဂိုး ရခဲ့တာ ဖြစ်ပြီး ပွဲချိန် ၆၅ မိနစ်မှာ ဟိန်းထက်အောင်က သွင်းယူ ပေးခဲ့တာပါ။
သြစတြေးလျ အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူပြီး ထိုးဖောက် တိုက်စစ် ဆင်ခဲ့သလို မြန်မာ အသင်း ကလည်း ခံစစ်အားပြုပြီး တန်ပြန် တိုက်စစ် ပုံစံနဲ့ သြစတြေးလျ အသင်း ဘက်ကို အပြန်အလှန် ခြိမ်းခြောက် ကစားနိုင်ခဲ့တဲ့ အတွက် ပွဲက အကြိတ် အနယ် ရှိခဲ့ပါတယ်။
သြစတြေးလျ အသင်းအတွက် ချေပဂိုး ကိုတော့ ပွဲချိန် ၆၈ မိနစ်မှာ ဂျက်ကော့ပ်က သွင်းယူပေး ခဲ့ပြီး ပွဲအပြီးမှာ တဂိုးစီ သရေကျ သွားခဲ့ပါတယ်။
မြန်မာအသင်း ပါဝင်တဲ့ အုပ်စု က အခြား ပွဲစဉ်တွေ မှာတော့ ဖိလစ်ပိုင်က စင်ကာပူကို ၃ ဂိုး ၁ ဂိုး၊ မလေးရှားက ဗီယက်နမ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရ သွားပါတယ်။
မြန်မာ အသင်းဟာ အုပ်စု ဒုတိယ ပွဲစဉ် အဖြစ် စင်ကာပူ အသင်းနဲ့ လာမယ့် ဇူလိုင် ၁၂ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ – အမ်အက်ဖ်အက်ဖ်
Originally published at - http://burmese.dvb.no/archives/158609

No comments:
Post a Comment