မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 24, 2015

ဘောလုံး ကျွမ်းကျင်သူများ၏ ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်းချက်




အောက်တိုဘာ ၂၄ ရက်မှာတော့ ပရီးမီးယားလိဂ်ရဲ့ ၁၀ ပွဲမြောက် ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။

ဒီနေ့မှာ ပရီးမီးယားလိဂ် ၆ ပွဲနဲ့ အောက်တိုဘာ ၂၅ ရက်မှာတော့ ၄ ပွဲ ကစားကြမှာ ဖြစ်ပါတယ်။

ဒီကနေ့ ကစားမယ့်ပွဲစဉ်တွေထဲမှာတော့ ၀က်စ်ဟမ်း-ချဲလ်ဆီး၊ အာဆင်နယ်- အဲဗာတန်တို့ပွဲက အကြိတ်အနယ်ရှိမယ့် ပွဲစဉ်တွေ ဖြစ်ပါတယ်။

ဒါအပြင် အောက်တိုဘာ ၂၅ ရက်မှာတော့ မြို့ခံပြိုင်ဘက် မန်စီးတီး – မန်ချက်စတာ ယူနိုက်တက်တို့ပွဲတွေက ပရိသတ်အကြိုက်တွေ့ မျှော်လင့်နေတဲ့ ပွဲတွေဖြစ်မှာ သေချာပါတယ်။

အရင်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေအတော်များများ အနိုင်ရရှိခဲ့ပါတယ်။ ဒီတပတ် ၁၀ ပွဲမြောက် ပွဲစဉ်တွေမှာရော အရင်တပတ်ကလို အသင်းကြီးတွေ အနိုင်ရမလား။ ဘယ်လိုတွေ ဖြစ်လာနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဘောလုံး ကလောင်ရှင်တွေရဲ့ ခန့်မှန်းချက်နဲ့ အချက်အလက်တွေကို စုစည်း တင်ဆက်ပေးထားပါတယ်။

အက်စ်တွန်ဗီလာ-ဆွမ်ဆီး

နောက်ဆုံး ကစားတဲ့ ၅ ပွဲမှာ တပွဲနိုင်တဲ့ အက်စ်တွန်ဗီလာနဲ့ နိုင်ပွဲမရှိသေးတဲ့ ဆွမ်ဆီးတို့ ကစားကြမှာ ဖြစ်ပါတယ်။ သြဂုတ်လက ပရီးမီးယားလိဂ် အမှတ်ပေးဇယား နံပါတ် ၄ နေရာကနေ လက်ရှိ နံပါတ် ၁၄ နေရာကို ရောက်နေတဲ့ ဆွမ်ဆီးရဲ့ ခြေက အကျဘက်ကို ရောက်နေတယ်လို့ ပြောရမယ့် အနေအထားရှိနေပါတယ်။ ဗီလာကလည်း တန်းဆင်းဇုန် အဆင့် ၁၉ မှာ ၉ ပွဲကစား ၁ ပွဲနိုင်နဲ့ ရုန်းကန်နေရပါတယ်။ ၂ သင်းစလုံးက ခြေစွမ်းတွေ ကျနေပေမယ့် ဂိုးသွင်းစွမ်းရည်ကို နှိုင်းယှဉ်ရင်တော့ ဆွမ်ဆီးက အသာရနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဆွမ်ဆီးက ဗီလာကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ ဒီပွဲကို ဘီဘီစီက အားကစားကလောင်ရှင် လော်ရင်ဆန် (လော်ရို) ကတော့ သရေလို့ မှန်းထားသလို စကိုင်းစပေါ့က အားကစားကလောင်ရှင် ပေါလ်မာဆန်ကတော့ နိုင်ပွဲတွေ မဖြစ်မနေလိုနေတဲ့ ဗီလာ အနိုင်ရမယ်လို့ မှန်းပါတယ်။

လက်စတာ-ခရစ္စတယ်ပဲလေ့စ်

အမှတ်ပေးဇယား အဆင့် ၅ နဲ့ အဆင့် ၆ နေရာက အသင်း ၂ သင်း ကစားကြမှာ ဖြစ်ပါတယ်။ လက်စတာအသင်းရဲ့ ဂိုးသွင်းအားကတော့ ပျှမ်းမျှ တပွဲကို ၂ ဂိုးနှုန်းသွင်းနေသလို ပဲလေ့စ်ကတော့ ၁ဂိုးနှုန်းသွင်းနေပါတယ်။ ၂ သင်းစလုံး ၀က်စ်ဟမ်းနဲ့ ကစားခဲ့ပြီး လက်စတာက အနိုင်ကစားခဲ့ပေမယ့် ပဲလေ့စ်ကတော့ ရှုံးနိမ့်ထားပါတယ်။ အရင်ကစားခဲ့စဉ်ကတော့ ပဲလေ့စ်က ၁ ဂိုးဂိုးမရှိနဲ့ လက်စတာကို နိုင်ထားပါတယ်။ တကယ့်တော့ ခန့်မှန်းရခက်တဲ့ ပွဲတပွဲဆိုရင်တော့ မမှားပါဘူး။ ဒီပွဲအပေါ် ကလောင်ရှင် ၂ ဦးရဲ့ ခန့်မှန်းချက်ကတော့ ဆန့်ကျင်ဘက်လို ဖြစ်နေပါတယ်။ လော်ရိုကတော့ ပဲလေ့စ်ကို အနိုင်ပေးထားပေမယ့် မာဆန်ကတော့ လက်စတာကို ရွေးထားပါတယ်။

နော်ဝှစ်ခ်ျ-၀က်စ်ဘရွန်း

အားကစားကလောင်ရှင် ၂ ဦးကလည်း ဒီပွဲကို ဆန့်ကျင်ဘက် ခန့်မှန်းထားပါတယ်။ ၀က်စ်ဘရွန်းကို လော်ရိုက ရွေးထားသလို မာဆန်က နော်ဝှစ်ခ်ျကို ရွေးထားပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်ကတော့ နော်ဝှစ်ခ်ျက ၀က်စ်ဘရွန်းကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ထားပါတယ်။ နော်ဝှစ်ခ်ျက အဆင့် ၁၆၊ ၀က်စ်ဘရွန်းက အဆင့် ၁၃ မှာ အသီးသီး ရပ်တည်နေပါတယ်။

စတုတ်-၀က်ဖို့ဒ်

ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးခြင်းမရှိသေးတဲ့ အသင်းတွေ ကစားကြမှာ ဖြစ်ပါတယ်။ ဂိုးသွင်းအားကို ကြည့်မယ်ဆိုရင်တော့ ပျှမ်းမျှတပွဲ ၁ ဂိုးနှုန်း သွင်းထားတဲ့ စတုတ်က ၀.၆၇ နှုန်းသာ သွင်းထားတဲ့ ၀က်ဖို့ဒ်ထက်သာလွန်နေပါတယ်။ ၀က်ဖို့ဒ်ရဲ့ ဂိုးသွင်းနှုန်းက အနိမ့်ဆုံး မာဆန်ရော လော်ရိုပါ စတုတ်ကိုရွေးထားပါတယ်။

ဝက်စ်ဟမ်း-ချဲလ်ဆီး

ဒီပွဲကတော့ အကြိုက်အနယ် ရှိလာနိုင်တဲ့ပွဲဆိုရင် မမှားပါဘူး။ ချဲလ်ဆီး နည်းပြမော်ရင်ဟို ဒီပွဲမှာ ခြေချော်လက်ချော်ဖြစ်သွားရင်တော့ နည်းပြရာထူးကနေပါ ဖယ်ရှားခံလာရနိုင်တဲ့ အခြေအနေတွေ ရှိလာတဲ့ အတွက် အနိုင်ကတော့ မဖြစ်မနေလိုအပ်နေပါတယ်။ ၀က်စ်ဟမ်းရဲ့ အိမ်ကွင်းရလဒ်တွေက မကောင်းသလို ၄ ပွဲကစား ၁ ပွဲသာ နိုင်သေးတဲ့အတွက် ချဲလ်ဆီးကို ရွေးတယ်လို့ လော်ရိုက ဆိုပါတယ်။ ဟာဇက်သာ ဒီပွဲမှာ ကောင်းကောင်းကစားနိုင်ရင်တော့ ချဲလ်ဆီးနိုင်သွားမယ်လို့ မာဆန်က ခန့်မှန်းပါတယ်။ ဒါပေမယ့် ဟာဇက်ကို ပွဲဦးထွက် သုံးဖို့ မသုံးဖို့ကတော့ မရေရာတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ၀က်စ်ဟမ်းနည်းပြကလည်း အိမ်ကွင်းမှာ ကစားရင် စိတ်ရှည်ဖို့ လိုတယ်လို့ ပြောဆိုထားသလို အာဆင်နယ်၊ မန်စီးတီး၊ လီဗာပူးနဲ့ ပွဲက ကစားပုံတွေကို ထိန်းသိမ်းသွားမယ်လို့ ပြောပါတယ်။

ဒီနှစ်ကစားခဲ့တဲ့ အခြေအနေကို ပြန်ကြည့်ရင်တော့ ၀က်စ်ဟမ်းက ၉ ပွဲကစား ၅ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲ ရှုံးထားပါတယ်။ ချဲလ်ဆီးကတော့ ၉ ပွဲကစား ၃ပွဲနိုင် ၂ ပွဲသရေ ၄ ပွဲရှုံးထားပါတယ်။ ၀က်စ်ဟမ်းအသင်းရဲ့ ဂိုးသွင်းစွမ်းရည်ကလည်း တကယ်တော့ ဒီရာသီမှာ ချဲလ်ဆီးထက်သာနေပါတယ်။ နောက်ဆုံး ကစားတဲ့ပွဲမှာ ချဲလ်ဆီးက ၀က်စ်ဟမ်းကို ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။

အာဆင်နယ်-အဲဗာတန်

ဇယားနံပါတ် ၂ အာဆင်နယ်နဲ့ နံပါတ် ၉ အဲဗာတန်တို့ ကစားကြမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးကို အနိုင်ကစားနိုင်ခဲ့ပေမယ့် မန်ယူကို ရှုံးသွားတဲ့ အဲဗာတန်ရဲ့ ခြေကတော့ ခန့်မှန်းရခက်ပါတယ်။ အာဆင်နယ်ကတော့ မန်ယူနဲ့ ဘိုင်ယန်ကို နိုင်အောက်ကစားထားတဲ့ အာဆင်နယ်ရဲ့ ခြေစွမ်းကတော့ အတက်ပိုင်းဘက်ကို ရောက်နေပါတယ်။ အာဆင်နယ် အလယ်တန်းလူ ရွန်းဆေးကတော့ ဒကောက်ကြော ဒဏ်ရာကြောင့် ၀င်ကစားနိုင်မှာ မဟုတ်ပါဘူး။ နံပါတ် ၁ နေရာက မြို့ခံပြိုင်ဘက် မန်စီးတီးကို ဖိအားပေးနိုင်ဖို့ အာဆင်နယ်က ဒီပွဲကို အနိုင်ကစားဖို့ လိုနေပါတယ်။ အာဆင်နယ်နဲ့ကစားတဲ့ အဝေးကွင်း ၂၁ ပွဲမှာ အဲဗာတန်က တပွဲမှ အနိုင်မရခဲ့ဖူးဘူး။ နောက်ဆုံးကစားခဲ့စဉ်ကတော့ အာဆင်နယ်က ၂ ဂိုးဂိုးမရှိနဲ့ နိုင်ထားပါတယ်။ လော်ရိုရော မာဆန်ပါ ဒီပွဲကို အာဆင်နယ်နိုင်မယ်လို့ ခန့်မှန်းပါတယ်။

ဆန်းဒါးလန်း-နယူးကာဆယ်

တန်းဆင်းဇုန်မှာ နိုင်ပွဲမရသေးတဲ့ ဆန်းဒါးလန်းနဲ့ နယူးကာဆယ်တို့ ကစားကြမှာ ဖြစ်ပါတယ်။ နယူးကာဆယ်ကတော့ ၉ ပွဲမှာ နော်ဝှစ်ခ်ျ တသင်းကိုသာ အနိုင်ရထားပါတယ်။ နောက်ဆုံးကစားစဉ်က ဆန်းဒါးလန်းက ၁ ဂိုး ဂိုးမရှိနဲ့ နယူးကာဆယ်ကို အနိုင်ရထားပါတယ်။ လော်ရိုက သရေလို့ မှန်းပေမယ့် မာဆန်ကတော့ ဆန်းဒါးလန်းကို အနိုင်ပေးထားပါတယ်။

ဘုန်းမောက်-တော့တင်ဟမ်ဟော့စပါး

တပွဲကို ပျှမ်းမျှ ဂိုးသွင်းနှုန်း ၁.၂၂ ရှိတဲ့ အသင်း ၂ သင်း ကစားကြမှာ ဖြစ်ပါတယ်။ ၉ ပွဲကစားရာမှာ ဘုန်းမောက်က ၂ ပွဲနိုင်ထားပြီး စပါးကတော့ ၃ ပွဲနိုင်ထားပါတယ်။ စပါးကတော့ ဒီရာသီမှာ ရှုံးပွဲ ၁ ပွဲပဲ ရှိပါသေးတယ်။ ဘုန်းမောက်ကတော့ ဒဏ်ရာပြဿနာကြောင့် ရုန်းကန်နေရပါတယ်။ မာဆန်ရော လော်ရိုပါ စပါးကို ရွေးချယ်ပါတယ်။

မန်ယူ-မန်စီးတီး

မြို့ခံပြိုင်ဘက်တွေကစားတဲ့ပွဲတိုင်း အကြိတ်အနယ်ရှိတတ်တာ ဘောလုံးပရိသတ်တွေ သိပြီး ဖြစ်ပါတယ်။ မန်ယူရဲ့ အိုးထရက်ဖိုဒ်မှာ ကစားမယ့် ဒီပွဲဟာ ပွဲကြီးပွဲကောင်း တပွဲ ဖြစ်လာမယ်ဆိုရင်တော့ မမှားပါဘူး။ ဒါ့အပြင် ဒီပွဲဟာ ဒီတပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ ပရိသတ်ကို ဆွဲဆောင်မှု အရှိဆုံးပွဲတပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲရှုံးရင်တော့ မန်စီးတီးက ဇယား နံပါတ် ၁ နေရာကနေ ဖယ်ပေးရမှာ ဖြစ်သလို မန်ယူကလည်း ဇယားနံပါတ် ၃ နေရာကနေ ဖယ်ပေးရမယ့် အခြေအနေတွေရှိနေပါတယ်။

ဘောလုံးသမားအခြေအနေကို ကြည့်ရင်တော့ မန်ယူအသင်းက အက်ရှ်လေယန်း၊ လူးကပ်ရှော၊ မတ်နေလ်းကလွဲပြီး ဒဏ်ရာရကစားသမားတွေမရှိပေမယ့် မန်စီးတီးမှာတော့ တိုက်စစ်မှူး အဂွီရို၊ ဆေးဗား၊ ဖေဘီယန် ဒဲလ်၊ နာဆရီတို့က ကစားနိုင်မှာ မဟုတ်ပါဘူး။ ကန်ပနီကလည်း ကစားနိုင်ရေး မနိုင်ရေးက မသေချာတဲ့ အတွက် မန်စီးတီးက ကစားသမား အခက်အခဲရှိနေပါတယ်။

မန်စီးတီးနည်းပြကတော့ ဒီပွဲဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရေး အဆုံးအဖြတ်မပေးနိုင်ပေမယ့် အမှတ် ၆ မှတ်အတွက် ယှဉ်ပြိုင်ရမယ့်ပွဲဖြစ်တယ်လို့ ပြောပါတယ်။ မန်ယူနည်းပြကတော့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင်တော့ ပထမနေရာယူထားတဲ့ မန်စီးတီးအသင်းကို ပိုကြိုက်နိုင်တယ်လို့ ပြောပါတယ်။ ဒါအပြင် ဒီပွဲအတွက် ပြင်ဆင်ဖို့ တရက်ပဲ အချိန်ရတာက အခက်အခဲ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ ဒီနှစ်ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းက ၉ ပွဲမှာ ၇ ပွဲနိုင် ၂ ပွဲရှုံးထားပါတယ်။ မန်ယူကတော့ ၆ ပွဲနိုင် ၁ ပွဲရှုံးနဲ့ ၂ ပွဲသရေကျထားပါတယ်။ မန်စီးတီးက ပျှမ်းမျှ တပွဲကို ၂.၆၇ နှုန်း ဂိုးသွင်းထားပေမယ့် မန်ယူကတော့ ၁.၆၇ နှုန်းပဲ ဂိုးသွင်းထားပါတယ်။ နောက်ဆုံး မြို့ခံ ပြိုင်ဘက် ၂ သင်းကစားတဲ့ ၈ ပွဲမှာ မန်စီးတီးက ၆ ပွဲနိုင်ထားပါတယ်။

နောက်ဆုံးကစားစဉ်မှာ မန်ယူက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရထားပါတယ်။ လော်ရိုက သရေကျမယ်လို့ မှန်းထားပေမယ့် မာဆန်ကတော့ မန်ယူနိုင်မယ်လို့ မှန်းပါတယ်။

လီဗာပူး- ဆောက်သမ်တန်

လီဗာပူးကစားသမား စတားရစ်ခ်ျ ဒီပွဲမှာ ပါဝင်ရေး မသေချာသေးပေမယ့်လည်း ဒီပွဲအတွက် မာဆန်နဲ့ လော်ရိုက လီဗာပူးကို ရွေးထားပါတယ်။ လီဗာပူးက ဇယားနံပါတ် ၈ မှာ ရပ်တည်နေပြီး ဆောက်သမ်တန်က ၁၀ မှာ ရပ်တည်နေပါတယ်။ ပျှမ်းမျှတပွဲ ဂိုးသွင်းနှုန်းကတော့ လီဗာပူးက ဆောက်သမ်တန်ထက် သာလွန်နေတာကို တွေ့ရပါတယ်။ ၉ ပွဲကစားပြီး ၃ ပွဲနိုင် ၄ ပွဲသရေ ၂ ပွဲရှုံး ရလဒ်ကို ၂ သင်းလုံး ပိုင်ဆိုင်ထားပါတယ်။ နောက်ဆုံးကစားတဲ့ ၅ ပွဲမှာ လီဗာပူးအသင်းက ၄ ပွဲ သရေကျထားသလို ဆောက်သမ်တန်ကတော့ ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီ ၂ သင်းနောက်ဆုံးတွေ့ဆုံစဉ်မှာတော့ လီဗာပူးက ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။

DVB by ကို​ထွေး

Original link - http://burmese.dvb.no/archives/118224

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment