မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 16, 2015

ကစားသမားဘဝ ရှေ့ဆက်ဦးမည့် ကမ္ဘာ့ အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးသမား




အသင်းနှင့် စာချုပ်သစ်ကို လက်မှတ် ရေးထိုး လိုက်ခြင်းဖြင့် ကာဇူယိုရှီ မူရာသည် ကမ္ဘာ့ အသက် အကြီးဆုံး ပရော်ဖက်ရှင်နယ် ဘောလုံး သမားဆိုသော ဂုဏ်ပုဒ်ကို သက်တမ်း ဆက်လက် ရှည်ကြာအောင် ထိန်းသိမ်း နိုင်တော့မည် ဖြစ်သည်။

“တဖြည်းဖြည်း အသက် ရလာပြီ ဆိုတာတော့ ခံစားမိ တာပေါ့လေ”ဟု ဂျပန် တိုက်စစ် မှူးက ဆိုသည်။ ယခုအခါ အသက် ၄၈ နှစ် ရှိပြီဖြစ်သည့် မူရာသည် ၎င်း၏ မွေးရပ်မြို့တွင် အခြေစိုက်သည့် ယိုကို ဟားမား အသင်းနှင့် တစ်နှစ် သက်တမ်းတိုး စာချုပ်ကို ချုပ်ဆို လိုက်သည်။ ထို့ကြောင့် အသက် ၅၀ နီးပါးထိ ၎င်းသည် ပရော်ဖက်ရှင်နယ် တစ်ဦး အဖြစ် ဆက်လက်၍ ဘောလုံး ကစားနေ ဦးမည် ဖြစ်သည်။

ပရိသတ်များက ဘုရင်ကြီးကာဇူဟု ချစ်စနိုး ခေါ်ဝေါ်သည့် မူရာသည် ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝတွင် နှစ်ပေါင်း ၃၀ ကျော်ကြာအောင် ကျင်လည်ခဲ့ပြီး ဖြစ်သည်။ ထိုအတောအတွင်း တောင်အမေရိက၊ ဥရောပ၊ ဩစတြေးလျနှင့် အာရှတလွှားရှိ ကလပ်အသင်းများတွင် ကစားခဲ့သည်။

ဂျပန်လက်ရွေးစင် အသင်းအတွက် ၈၉ ပွဲတွင် ၅၅ ဂိုးထိ သွင်းယူပေးဖူးသည့် မူရာ၏ ဘောလုံးသမား ဘဝသည် ထူးထူးခြားခြား အနေဖြင့် ဂျပန်တွင် အစမပြုခဲ့ချေ။ ၎င်းအသက် ၁၅ နှစ်တွင် ဘရာဇီးသို့ တစ်ဦးတည်း ထွက်ခွာသွားပြီး ဆော်ပေါ်လိုမြို့ရှိ လူငယ်ကလပ် တစ်ခုတွင် လေ့ကျင့်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင်မူ ဆန်းတို့စ်အသင်းနှင့် ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကို ချုပ်ဆိုကာ ဘရာဇီးလိဂ်တွင် ပါဝင်ကစားခဲ့သည်။

ပြက္ခဒိန်ပေါင်းများစွာ ဖြတ်သန်း ကုန်ဆုံးခဲ့ပြီးနောက် မူရာသည် ၎င်း၏ ကစားသမားဘဝကို ရှေ့ဆက်မည့် စာချုပ်တစ်ရပ်ကို ယိုကိုဟားမားနှင့်အတူ လက်မှတ်ရေးထိုးခဲ့သည်။ “ကျွန်တော့်ကို အမြဲတမ်း ထောက်ခံ ရပ်တည်ပေးခဲ့တဲ့ အသင်းကိုရော၊ ပရိသတ်တွေကိုပါ အရမ်း ကျေးဇူးတင်ပါတယ်”ဟု ဂျပန် လက်ရွေးစင် အသင်း၏ ဂန္ထဝင် တစ်ဦးလည်း ဖြစ်ခဲ့ဖူးသည့် မူရာက ဆိုသည်။ ၎င်းသည် ၁၉၉၈ ခုနှစ်တွင် ဂျပန်အသင်း သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ရာ၌ ပါဝင်ခဲ့သည်။

“ကျွန်တော့် အနေနဲ့ အတတ်နိုင်ဆုံး ဆက်ပြီးတော့ အစွမ်းကုန် ပေးဆပ် ကြိုးစား ကစားနေဦးမှာပါ”ဟု နိုဝင်ဘာ (၁၁ လပိုင်း) ၁၁ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ၊ ၁၁ မိနစ်တွင် သက်တမ်းတိုး စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည့် မူရာက ပြောကြားခဲ့သည်။ အဆိုပါ အချိန်ရွေးချယ်မှုသည် မူရာ ပုံမှန်ဝတ်ဆင်သည့် ကျောနံပါတ် ၁၁ ကို ဂုဏ်ပြုထားခြင်း ဖြစ်သည်။

မူရာသည် အသက် ၁၉ နှစ် အရွယ်တွင် ဆန်းတို့စ်အတွက် စတင်ကစားပြီး အခြား ဘရာဇီး ကလပ်များဖြစ်သည့် ပါးလ်မီးရပ်စ်၊ မတ်ဆာဘူရူ၊ ရီဂါတက်စ်၊ ဒီဂျူး၊ ကော့ထရီဘာ အသင်းများသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ဆန်းတို့စ်သို့ တစ်ကျော့ပြန် ရောက်လာပြီး ထိုမှတစ်ဆင့် မွေးရပ်နိုင်ငံရှိ တိုကျိုဗာဒီသို့ ကူးပြောင်းခဲ့သည်။ မူရာ၏ ကစားသမား ဘဝတွင် အီတလီမှ ဂျီနိုအာ၊ ခရိုအေးရှားမှ ဒိုင်နမိုဇာဂရက်ဘ်၊ ဩစတြေးလျမှ ဆစ်ဒနီအသင်း၊ ဂျပန်ကလပ်များဖြစ်သည့် ကျိုတိုဆက်ဂ်ညာ၊ ဗစ်ဆယ်လ်ကိုဘေးစသည့် အသင်းများ၌လည်း ပါဝင်ကစားဖြစ်ခဲ့သည်။

ဂျပန်မီဒီယာများက ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် ညွှန်းဆို ဖော်ပြလေ့ရှိသည့် မူရာသည် အသက် ၄၈ နှစ် ရှိပြီဖြစ်သည့်တိုင် ယခုရာသီတွင် ယိုကိုဟားမားအတွက် ၁၆ ပွဲကစားကာ ၃ ဂိုး သွင်းယူပေးထားသည်။ လတ်တလောတွင်မူ ၎င်းသည် ပေါင်ကြွက်သား ဒဏ်ရာကြောင့် ခေတ္တ အနားယူနေရကြောင်း သိရသည်။

Ref: CNN

By - ဇွဲရဲဝင့်

Original link - http://www.7daydaily.com/story/51068

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment