
နိုင်ပွဲ ပျောက်ဆုံး နေတာ ကြာပြီဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဇန်န၀ါရီ ၂ ရက်နေ့က အိမ်ကွင်း ပွဲစဉ်မှာ ဆွမ်ဆီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲမှာ မန်ယူ အသင်းမှာ ကွင်းလယ် သမား ရှဝိန်း စတိုင်ဂါ ပြန်ပါဝင် လာပြီး ကစားပုံလည်း ပိုကောင်း ခဲ့ပါတယ်။
မန်ယူအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး မာရှယ်က ၄၇ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ မန်ယူက ကွင်းလယ်မှာ ဘောလုံးအသာစီး ယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။
ဆွမ်ဆီးအတွက် ချေပဂိုးကို မိနစ် ၇၀ မှာ ပြန်လည်သွင်းယူပါတယ်။ မန်ယူအတွက် အနိုင်ဂိုးကို ၇၇ မိနစ်မှာ တိုက်စစ်မှူး ရွန်နီက သွင်းယူပြီး အနိုင်ရသွားပါတယ်။
ဒီပွဲမှာ မန်ယူ တောင်ပံသမား အက်ရှ်လေယန်း အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။ မန်ယူဟာ ဒီပွဲနိုင်လို့ ၈ ပွဲဆက်တိုက် နိုင်ပွဲမရသေးတဲ့ စံချိန်လည်း ရပ်တန့်သွားပါတယ်။
မန်ယူဟာ လောလောဆယ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာမှာ ရှိနေပြီး ဇယားထိပ်က အာဆင်နယ်အသင်းရဲ့ နောက် ၉ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/129441

No comments:
Post a Comment