
မတ် ၂၈ ၊ ရန်ကုန်
မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း၏ ကစားသမားဟောင်း သန်းသန်းထွေး အနေဖြင့် လာမည့် မြန်မာ နေရှင်နယ် အမျိုးသမီးလိဂ် ပေါ်ပေါက် လာလျှင် ဘောလုံးပြန် ကစားရန် ဆုံးဖြတ် ထားသည် ဟု ကာယကံရှင် ကိုယ်တိုင်က ဆိုသည်။
အသက် ၃၀ အရွယ်ရှိ သန်းသန်းထွေးသည် မြန်မာ့ လက်ရွေးစင် အသင်းတွင် ၂၀၀၉ ခုနှစ်မှ စတင်ကာ ၂၀၁၅ အထိ ပါဝင် ကစားခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၃ ဆီးဂိမ်းတွင် အသင်းနှင့် အတူ အောင်မြင်မှုများ ရရှိအောင် အဓိက စွမ်းဆောင် ပေးခဲ့သည့် ကစားသမား တစ်ဦး ဖြစ်သည်။
၎င်းသည် ၂၀၁၅ ခုနှစ်တွင် ဒဏ်ရာ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ကာ ကာလ ရှည်ကြာ အနားယူ ခဲ့ရသည့် အတွက် လက်ရွေးစင် ကစားသမား ဘ၀မှ အနားယူရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။
“ အမျိုးသမီးလိဂ် ပေါ်လာရင် ဘောလုံးပြန် ကစားဖို့ ဆုံးဖြတ် ထားပါတယ်။ လက်ရွေးစင် အသင်းမှာတော့ မကစားဖြစ် တော့ပါဘူး။ အသက် အရွယ် အရရော ဒဏ်ရော အနေ အထားကြောင့်ရော လက်ရွေးစင် အတွက် အကောင်းဆုံး မပေးဆပ်နိုင်မှာ စိုးလို့ မကစားတော့ တာပါ။
လောလောဆယ်တော့ အပေါ့စားလေ့ကျင့်ခန်းလေးတွေ လုပ်ဖြစ်ပါတယ်။ ယူ-၁၉ အသင်းက ကလေးတွေနဲ့ တခါတလေ လေ့ကျင့်ခန်းပူးပေါင်းလုပ်ဆောင်တာမျိုးတွေ ရှိပါတယ်။
လိဂ်အသင်းကတော့ အခြေအနေပေါ်မူတည်ပြီး ဘယ်အသင်းမှာကစားမလဲ ဆုံးဖြတ်သွားမှာပါ ” ဟု သန်းသန်းထွေးက သူ၏အနာဂတ်နှင့် ပတ်သက်၍ ပြောသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာနေရှင်နယ် အမျိုးသမီးလိဂ်ပြိုင်ပွဲကို လာမည့် ဇူလိုင်လ အတွင်းတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး အသင်းပေါင်း ရှစ်သင်း (သို့) ခြောက်သင်းခန့် ပါဝင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
မဇ္ဈိမသတင်း by ရွှေဘုတ်
Originally published at - http://mizzimaburmese.com/article/12875





No comments:
Post a Comment