
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ လိဂ်ဝမ်း ကလပ် ဘရစ္စတိုး ရိုဗာစ် အသင်းတို့ရဲ့ သြဂုတ် ၂၃ ရက်က ယှဉ်ပြိုင်တဲ့ လိဂ်ဖလား ပွဲစဉ်မှာ တဘက်နဲ့ တဘက် ဂိုးအပြန် အလှန် သွင်းပြီး ချဲလ်ဆီးက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ချဲလ်ဆီးဟာ ဒီပွဲစဉ်မှာ ဂိုးသမား ကော့တွိုက်စ်၊ တယ်ရီ၊ အော်စကာ၊ ဟာဇက်၊ ကော်စတာတို့ကို အရန်ခုံမှာ ထားပြီး ယှဉ်ပြိုင် သွားပါတယ်။
ချဲလ်ဆီး အသင်းက ဒီရာသီမှ အသစ်ခေါ်ယူ ထားတဲ့ ဘတ်ရှူး အာယီကို အထောင် တိုက်စစ်မှူး aနရာမှာ ထား ကစားခဲ့ပြီး မာတစ်၊ ပက်ဒရို၊ ဖာဘရီဂတ်စ်တို့နဲ့ ၀န်းရံ ကစား ခဲ့တာပါ။
ပွဲချိန် ၂၉ မိနစ်နဲ့ ၄၁ မိနစ်မှာ တိုက်စစ်မှူး ဘတ်ရှူးအာယီနဲ့ ၃၁ မိနစ်မှာ မော့ဆက် တို့က ချဲလ်ဆီး အတွက် ဂိုးတွေ သွင်းခဲ့ပြီး ၃၅ မိနစ်မှာ ဟာ့တ်လေက ဘရစ္စတိုးရိုဗာစ် အတွက် ချေပဂိုး ၁ ဂိုး ပြန်သွင်းခဲ့လို့ ပထမပိုင်း အပြီးမှာ ၃ ဂိုး ၁ ဂိုးနဲ့ ချဲလ်ဆီးက ဦးဆောင် ထားနိုင်ပါတယ်။
ဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှု ၅၄ ရာခိုင်နှုန်းနဲ့ အသာစီးယူနိုင်သလို ဂိုးကန်သွင်းခွင့်မှာလည်း ၂၈ ကြိမ်အထိ ရှိခဲ့ပါတယ်။
ပွဲချိန် ၄၈ မိနစ်မှာ ဘရစ္စတိုးရိုဗာစ်အတွက် ဟာရစ်ဆန်က ပယ်နယ်တီမှတဆင့် ချေပဂိုး ၁ ဂိုး သွင်းနိုင်ပေမယ့် ချဲလ်ဆီးက အနိုင်ကို ထိန်းကစားနိုင်ခဲ့လို့ ပွဲအပြီးမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး ချဲလ်ဆီး နောက်တဆင့် တက်သွားနိုင်ခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/165204

No comments:
Post a Comment