
ချန်ပီယံလိဂ် အုပ်စု အက်ဖ် ဒုတိယ ပွဲစဉ် အဖြစ် ဂျာမန် ကလပ် ဒေါ့မွန်နဲ့ စပိန် ထိပ်သီး ရီးရဲလ် မက်ဒရစ်တို့ စက်တင်ဘာ ၂၇ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၂ ဂိုးစီ သရေကျ သွားပါတယ်။
ပွဲချိန် ၁၇ မိနစ်မှာ ရီးရဲလ် တိုက်စစ်မှူး ရော်နယ်ဒိုက အဖွင့်ဂိုး သွင်းယူပေး ခဲ့ပေမယ့် ၄၃ မိနစ်မှာ ဒေါ့မွန် အတွက် အော်ဘာ မီယန်းက ချေပဂိုး ပြန်သွင်းပေး ခဲ့လို့ ပထမပိုင်း အပြီးမှာ တဂိုးစီ သရေကျ ခဲ့တာပါ။
ဒေါ့မွန်ဟာ အိမ်ကွင်းမှာ ကစားရတဲ့ ဒီပွဲမှာ စပိန် ထိပ်သီး အသင်း ရီးရဲလ်ကို အကောင်းဆုံး တုံ့ပြန် ကစားနိုင်ပြီး ဘောလုံး ပိုင်ဆိုင် ခွင့်ရော ဂိုးကန်သွင်းခွင့်တွေ မှာပါ အသာစီး ရခဲ့ပေမယ့် ဦးဆောင် ဂိုးတွေကိုတော့ ရီးရဲလ် အသင်းကပဲ သွင်းယူနိုင် ခဲ့ပါတယ်။
ပွဲချိန် ၆၈ မိနစ်မှာ ဗာရန်းက ရီးရဲလ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၈၇ မိနစ်မှာ ဒေါ့မွန် ကွင်းလယ်တိုက်စစ်ကစားသမား ရှာရယ်လ်က ချေပဂိုး ပြန်သွင်းခဲ့လို့ ပွဲအပြီးမှာ တဘက် ၂ ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။
အုပ်စု အက်ဖ် အခြားပွဲစဉ်မှာတော့ ပေါ်တူဂီကလပ် စပို့တင်းစီပီက ပိုလန်ကလပ် လီဂီယာဝါဆောကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အုပ်စု အက်ဖ်က ၂ ပွဲစီ ကစားပြီးချိန်မှာတော့ ဒေါ့မွန်နဲ့ ရီးရဲလ်က ရမှတ် ၄ မှတ်စီတူပေမယ့် ဒေါ့မွန်က ဂိုးကွာခြားချက်အသာနဲ့ အုပ်စု ပထမနေရာက ဦးဆောင်နေပြီး ရီးရဲလ်က ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
စပို့တင်းစီပီက ရမှတ် ၃ မှတ်နဲ့ အုပ်စုတတိယ၊ လီဂီယာဝါဆောကတော့ အမှတ်မရသေးဘဲ အုပ်စုနောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/170012

No comments:
Post a Comment