မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 23, 2016

အာရှယူ - ၁၉ အမျိုးသမီး ဘောလုံး ခြေစစ်ပွဲတွင် မြန်မာက ကာဂျစ္စတန်ကို ၄ ဂိုး ဂိုးမရှိဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)




အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုဒုတိယပွဲကို ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မှာ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအမျိုးသမီး ယူ-၁၉ အသင်းက ကာဂျစ္စတန်အမျိုးသမီး ယူ-၁၉ အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

မြန်မာအမျိုးသမီး ယူ-၁၉ အသင်းဟာ ကာဂျစ္စတန်အသင်းရဲ့ ခံစစ်ကစားပုံကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၂၂ မိနစ်မှာ ကာဂျစ္စတန်ဂိုးသမား ကိုယ့်ဂိုးကိုယ်သွင်းမိတာကြောင့် ဦးဆောင်ဂိုး စတင်ရခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မြန်မာအသင်း ပိုမိုဖိအားပေး တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ကာဂျစ္စတန်က ၈ ဦးလောက်အထိ ခံစစ်ကစားခဲ့တာကြောင့် နောက်ထပ် အနိုင် ၃ ဂိုးပဲ ရရှိခဲ့တာပါ။

ဒီဂိုးတွေကို ပါလက်စတိုင်းနဲ့ပွဲမှာ ၅ ဂိုးသွင်းခဲ့တဲ့ ဂျူလိုင်ကျော်ကပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ယှဉ်ပြိုင်သွားတဲ့ ပွဲစဉ်မှာတော့ ထိုင်းအသင်းက ပါလက်စတိုင်းအသင်းကို ၉ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

အုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ရမှတ် ၆ မှတ်စီ တူနေပေမယ့် ထိုင်းအသင်းက ဂိုးကွာခြားချက်အသာနဲ့ အုပ်စုပထမ၊ မြန်မာက ဒုတိယ၊ ကာဂျစ္စတန်နဲ့ ပါလက်စတိုင်းအသင်းတို့က အမှတ်မရသေးဘဲ အုပ်စုတတိယနဲ့ စတုတ္ထနေရာတွေမှာ ရပ်တည်နေပါတယ်။

မြန်မာအမျိုးသမီး ယူ-၁၉ အသင်းဟာ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ထိုင်းအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရမှ နောက်တဆင့်ကို တက်ရောက်နိုင်မှာပါ။

အနိုင်ရရှိဖို့ အခြေအနေ ၅၀ ရာခိုင်နှုန်းစီဖြစ်ပြီးတော့ တဘက်အမှားကို စောင့်ကြည့်ကစားသွားမယ်လို့ မြန်မာနည်းပြချုပ်က ပြောပါတယ်။

အုပ်စုပထမရတဲ့ အသင်းတသင်းပဲ လာမယ့် ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲတွေကို ယှဉ်ပြိုင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။

ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်တွေကို လာမယ့် ဒီဇင်ဘာ ၂၄ ရက်မှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး ညနေ ၃ နာရီမှာ ကာဂျစ္စတန်နဲ့ ပါလက်စတိုင်း ညနေ ၆ နာရီမှာ မြန်မာနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။


သတင်း – လွှမ်းမိုးအောင်၊ ထက်လူ

ရုပ်သံ – အမ်အက်ဖ်အက်ဖ်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/180886

No comments:

Post a Comment