
မကာအိုနဲ့ မြန်မာ အသင်းတို့ ယှဉ်ပြိုင်မယ့် အာရှ ဖလား ခြေစစ်ပွဲ အုပ်စု(က) ဒုတိယ ပွဲစဉ်ကို မြန်မာ့ အသံနဲ့ ရုပ်မြင် သံကြား (MRTV) က တိုက်ရိုက် ပြသ မယ်လို့ သိရ ပါတယ်။
အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၁၃ ရက် မြန်မာ စံတော်ချိန် ညနေ ၆ နာရီမှာ မကာအိုနိုင်ငံ အိုလံပစ် အားကစား ကွင်းမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာ့ အသံနှင့် ရုပ်မြင် သံကြားမှ ပြသနိုင်ဖို့ မကာအို ဘောလုံး အဖွဲ့ချုပ်နဲ့ ညှိနှိုင်း ဆောင်ရွက်ပြီး မကာအိုနိုင်ငံက ရုပ်သံ ထုတ်လွှင့် ခွင့်ပြု ခဲ့တာကြောင့် ပြသခွင့် ရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောထားပါတယ်။
‘‘အာရှဖလားပြိုင်ပွဲအတွက် ပြိုင်ပွဲမှာပါတဲ့ အသင်းတစ်သင်းချင်းစီရဲ့ အဖွဲ့ချုပ်တွေကို တိုက်ရိုက်ပြဖို့အတွက် ညှိနှိုင်းမှု ပြုလုပ်ရတယ်။ အခကြေးငွေတော့ မပေးရဘူး။ မြန်မာမှာကန်ရင် သူတို့ကို အလကားပေးရမယ်။ သူတို့ဆီမှာကန်ရင် အလကားပြန်ပေးတယ်။ တချို့အဖွဲ့ချုပ် ကျတော့ ရုပ်သံ မရိုက်ဘူး။ ဒါကြောင့် တိုက်ရိုက်ပြဖို့ အတွက် အခက် အခဲတွေ ရှိတယ်’’ လို့ ဦးဇော်မင်းထိုက်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်း တစ်ရပ်မှာ ရေးသား ထားပါတယ်။
မြန်မာအသင်းဟာ မကာအိုအသင်းနဲ့ ပွဲမတိုင်မှီ စင်ကာပူနိုင်ငံမှာ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ခဲ့ကာ စင်ကာပူ လက်ရွေးစင် အသင်းနဲ့ ၁-၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး စင်ကာပူ ကလပ် အယ်ဘီရက်ဇ်နီဂါတာ အသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့် ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က မကာအို အသင်းကို ဂိုးပြတ်အနိုင်ယူဖို့ ပြင်ဆင်ထားပြီး မကာအိုအသင်းရဲ့ အားနည်းချက်တွေကို တွေ့ရှိ ထားကြောင်း လက်ထောက်နည်းပြ ဦးကြည်လွင်ကပြောကြား ထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
Photos & Source: 7Day Daily, Myanmar Football Federation
From : Duwun by Y
Originally published at - http://www.duwun.com.mm/sports/local/-id6818407.html
No comments:
Post a Comment