
ရီးရဲလ် မက်ဒရစ် စတား ခရစ္စတီယာနို ရော်နယ်ဒိုက အငှား ကိုယ်ဝန်ဆောင် မိခင်ဖြင့် အမြွှာ ကလေးနှစ်ယောက် ရရှိခဲ့ တယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုရဲ့ အမြွှာ ကလေး နှစ်ယောက်ဟာ ယောက်ျားလေးနဲ့ မိန်းကလေး ဖြစ်ပြီး မတ်တီယိုနဲ့ အီဗာလို့ အမည်ပေး ထားကြောင်း ပေါ်တူဂီ ရုပ်မြင်သံကြား သတင်းဌာန SIC က ပြောပါတယ်။
မတ်တီယိုနဲ့ အီဗာဟာ ရော်နယ်ဒိုရဲ့ ကလေးတွေ ဖြစ်ပြီး အငှား ကိုယ်ဝန်ဆောင် မိခင်က မွေးဖွား ခဲ့တာဖြစ်ကြောင်း SIC က ဖော်ပြ လာပါတယ်။
ရော်နယ်ဒိုက ယခုကိစ္စကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘဲ လျှို့ဝှက်ထားခဲ့ကြောင်းလည်း အဆိုပါ ရုပ်သံသတင်းဌာနက ဆိုပါတယ်။ SIC က ကလေး တွေကို မည်သည့်နေရာမှာ ရှိကြောင်းနဲ့ ကလေး ဓာတ်ပုံတွေကိုတော့ ဖော်ပြခဲ့ခြင်း မရှိသေးပါဘူး။
ယခုသတင်းနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုထံနဲ့ ၎င်းရဲ့အေးဂျင်ထံမှ အတည်ပြုမှု သို့မဟုတ် တုံ့ပြန်ပြောကြားမှု မရှိသေးကြောင်း သိရပါတယ်။
သို့သော် နာမည်ကြီး Correio da Manha သတင်းစာ အပါအဝင် ပေါ်တူဂီ သတင်း ဝက်ဘ်ဆိုက်နဲ့ သတင်းစာတွေ ကတော့ ရော်နယ်ဒို တစ်ယောက် အငှား ကိုယ်ဝန်ဆောင် မိခင်ဖြင့် အမြွှာကလေးနှစ်ယောက် ရရှိခဲ့တဲ့ သတင်းကို သောကြာနေ့ (ဇွန်လ ၉ ရက်) မှာ စတင် ဖော်ပြခဲ့ ကြပါတယ်။
ဗြိတိန်သတင်းစာတစ်စောင်ကလည်း ရော်နယ်ဒိုဟာ အမြွှာကလေးနှစ်ယောက်ရဲ့ ဖခင်ဖြစ်လာတော့မယ်လို့ အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။
ဗြိတိန်သတင်းစာက ဖော်ပြခဲ့မှု အရ ရော်နယ်ဒိုရဲ့ အမြွှာရင်သွေးနှစ်ဦးကို ကိုယ်ဝန်ဆောင်ထားတဲ့ အငှားကိုယ်ဝန်ဆောင် မိခင်ဟာ အမေရိကန် အနောက် ဘက် ကမ်းရိုးတန်းမှာဖြစ်ပြီး မကြာမှီ ကလေးမွေးဖွား တော့မယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၁၀ ခုနှစ် ဇူလိုင်မှာ Twitter နဲ့ Facebook မှတစ်ဆင့် ကလေးအဖေဖြစ်ပြီလို့ ကြေညာခဲ့ပြီး တစ်ကမ္ဘာလုံးမှ ပရိသတ်တွေကို အံ့အား သင့်စေ ခဲ့ပါတယ်။ ထိုစဉ်က ရော်နယ်ဒိုရဲ့သားကို မွေးဖွားခဲ့တဲ့ အမျိုးသမီးအကြောင်း ထုတ်ဖော်ခဲ့ခြင်း မရှိဘဲ ပဟေဠိ ဖြစ်ခဲ့ကြရပါတယ်။
ရော်နယ်ဒိုရဲ့သား ခရစ္စတီယာနို ရော်နယ်ဒို ဂျူနီယာဟာ ယခုအခါ အသက် ၆ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့မိခင်က ရော်နယ်ဒိုဂျူနီယာကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ပုဂ္ဂိလကဆေးရုံတစ်ရုံမှာ မွေးဖွားခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့မိသားစုက ရော်နယ်ဒိုဂျူနီယာကို အငှားကိုယ်ဝန်ဆောင်မိခင်က မွေးဖွားခဲ့ခြင်းဟုတ် မဟုတ် ပြောဆိုရန် အစဉ် တစိုက် ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။
ကလေးထိန်းတစ်ဦးကတော့ ရော်နယ်ဒိုရဲ့ အစ်မဖြစ်သူ ကတ်တီယာက ရော်နယ်ဒိုမှာ အငှားကိုယ်ဝန်ဆောင်ပေးတဲ့ မက္ကစီကို အမျိုးသမီးနှစ်ဦးရှိကြောင်း သူမကို ပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိမှာ စပိန်သူ ရိုဒရီဂွက်ဇ်နဲ့တွဲနေပြီး မကြာသေးမှီက ရိုဒရီဂွက်ဇ်မှာ ကိုယ်ဝန်ရှိနေပြီလို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ရိုဒရီဂွက်ဇ်ရဲ့ ကိုယ်ဝန်သတင်းကို ရော်နယ်ဒိုရဲ့မိခင်က တုံ့ပြန်ငြင်းဆို ခဲ့ကြောင်းလည်း သိရပါတယ်။
Source & Photo: Daily Mail
From : Duwun by KJ
Originally published at - http://www.duwun.com.mm/sports/-id6818078.html
No comments:
Post a Comment