မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, March 22, 2017

လက်ရွေးစင်နှင့် ယူ ၂၂ နှစ်သင်းစလုံး ကိုင်တွယ်ရသော်လည်း အခက်အခဲမရှိဟု ဂတ်ဇီဆီ ပြော




လက်ရွေးစင် အသင်းနဲ့ ယူ ၂၂ အသင်း နှစ်သင်း စလုံးကို ကိုင်တွယ် ရမှာ ဖြစ်ပေမယ့် အခက်အခဲ ရှိမှာ မဟုတ်ဘူးလို့ နည်းပြချုပ် ဂတ်ဇီဆီက ပြောပါတယ်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဟာ ဆီးဂိမ်း ပြိုင်ပွဲ ဝင်မယ့် ယူ ၂၂ အသင်းကိုလည်း လက်ရွေးစင်နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဂတ်ဇီဆီကိုပဲ နည်းပြချုပ်အဖြစ် ပူးတွဲခန့်အပ်လိုက်တာပါ။

လက်ရွေးစင်အသင်းဟာ မတ်လနဲ့ ဇွန်လအတွင်းမှာ အာရှဖလားခြေစစ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရမှာပါ။

ယူ ၂၂ အသင်းကလည်း လာမယ့်ဇူလိုင်နဲ့ သြဂုတ်လတွေမှာ အာရှ ယူ ၂၃ ခြေစစ်ပွဲ၊ ဖိတ်ခေါ်ပြိုင်ပွဲနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။

ဒီလို ပြိုင်ပွဲတွေ ဆက်တိုက်ရှိနေပေမယ့် နှစ်သင်းစလုံးကို တာဝန်ယူ ကိုင်တွယ်ရမှာ အခက်အခဲမရှိနိုင်ဘူးလို့ နည်းပြ ဂတ်ဇီဆီက ပြောပါတယ်။

“လက်ရွေးစင်အသင်းရဲ့ ကစားသမားအများစုက ယူ ၂၂ အသင်းက ကစားသမားတွေပါ။ ဒီလိုဖြစ်နေတာက အားသာချက်တခုပါ။ ယူ ၂၂ က ကစားသမားအများစုကလည်း ကျနော်နဲ့ နှစ်ရှည် လက်တွဲခဲ့တဲ့သူတွေဖြစ်လို့ ကျနော်လိုချင်တဲ့ ကစားပုံက ဘယ်လိုလဲဆိုတာ အားလုံးသိပြီးသားပါ။ နှစ်သင်းစလုံးက ပြိုင်ပွဲတွေ ဆက်တိုက်ဖြစ်နေပေမယ့် ယူ ၂၂ ကစားသမားတွေကို လက်ရွေးစင်ကနေ ပြန်ခွဲထုတ်ရတဲ့အခါမှာ အခက်အခဲမရှိနိုင်ပါဘူး။”

ယူ ၂၂ အသင်းဟာ ဇူလိုင်လအတွင်း ကစားရမယ့် အာရှခြေစစ်ပွဲအုပ်စုအဆင့်မှာ သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်းတို့နဲ့ တအုပ်စုတည်း တွေ့ဆုံနေပါတယ်။ နာမည်ကြီး သြစတြေးလျနဲ့ တွေ့ဆုံနေပေမယ့် အုပ်စုပထမနေရာရဖို့ပဲ ပစ်မှတ်ထား ကစားရမယ်လို့ နည်းပြ ဂတ်ဇီဆီကပြောပါတယ်။

“အသင်းတိုင်းနဲ့ ပွဲကတော့ ခက်ခဲမှာပါ။ အထူးသဖြင့် သြစတြေးလျအသင်းကိုတော့ အတောင့်တင်းဆုံးအသင်းဖြစ်လို့ သတိထားရမယ်။ စင်ကာပူကလည်း ပြင်ဆင်မှုတွေ ကောင်းတဲ့အတွက် လျှော့တွက်လို့မရပါဘူး။ ဘရူနိုင်းကတော့ ဒီလိုအဆင့်မှာ မတွေ့ဘူးတာကြာပြီဖြစ်လို့ ဘယ်လိုခြေစွမ်းရှိမလဲ မသိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အုပ်စုခွဲဝေမှုကို ကျေနပ်ပါတယ်။ အုပ်စုပထမရမှ ခြေစစ်ပွဲအောင်ဖို့ သေချာမှာဖြစ်လို့ ပထမရဖို့ပဲ ပစ်မှတ်ထား ကစားမှာပါ။ ခြေစစ်ပွဲအောင်ဖို့လည်း အကောင်းဆုံး ကြိုးစားသွားမယ်။”

လက်ရွေးစင်အသင်းကြီးကတော့ အာရှခြေစစ်ပွဲ အုပ်စုအဆင့်မှာ အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုအသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံခဲ့တာပါ။

အာရှခြေစစ်ပွဲမှာ အုပ်စုပထမနဲ့ ဒုတိယ နှစ်သင်းစလုံး ခြေစစ်ပွဲအောင်မှာဖြစ်ပေမယ့် အာရှ ယူ ၂၃ ခြေစစ်ပွဲမှာတော့ အုပ်စုပထမတသင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယ ၅ သင်းပဲ ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196441

No comments:

Post a Comment