
ကမ္ဘာ့ဖလားနဲ့ ယူရို ဘောလုံး ပြိုင်ပွဲ ခြေစစ်ပွဲတွေ အပြီး မှာတော့ မရိုးနိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ဘောလုံး ပရိသတ်တွေ ပြန်ကြည့် ရဦးမှာ ဖြစ်ပါတယ်။
ဒီတပတ် ပရီးမီးယားလိဂ်ရဲ့ ၉ ပွဲမြောက်ပွဲစဉ်တွေထဲမှာ အဲဗာတန်-မန်ယူ၊ တော့တင်ဟမ်-လီဗာပူး၊ လက်စတာ-ဆောက်သင်တန်တို့ ပွဲစဉ်တွေကတော့ ကြည့်ကောင်းမယ့် ပွဲစဉ်တွေ ဖြစ်လာနိုင်ပါတယ်။
ဒီနှစ်ပရီးမီးယားလိဂ်မှာတော့ ရှုံးပွဲမတွေ့ဖူးသေးတဲ့ အသင်းတွေ မရှိသလို နိုင်ပွဲမရတဲ့ အသင်းနဲ့ သရေ မကျဖူးတဲ့ အသင်းတွေကတော့ ရှိနေတာကို တွေ့ရပါတယ်။
၉ ပွဲကစားအပြီး နယူးကာဆယ်၊ ဆန်းဒါးလန်းအသင်းဟာ နိုင်ပွဲမရသေးသလို၊ မန်စီးတီး၊ ခရစ္စတယ်ပဲလေ့စ်အသင်းတွေကတော့ သရေမကျဘူးသေးပါဘူး။
ဒီတပတ် ၉ ပွဲမြောက်မှာတော့ နိုင်ပွဲမရသေးတဲ့ အသင်းတွေနိုင်သွားမလား၊ သရေမကျဘူးသေးတဲ့ အသင်းတွေ သရေကျသွားမလား ဆိုတာကို အားကစားကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ချင်ပါတယ်။
တော့တင်ဟမ်ဟော့စပါး- လီဗာပူး
ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ နံပါတ် ၈ စပါးနဲ့ ၁၀ လီဗာပူးတို့ ကစားမယ့်ပွဲစဉ်ကတော့ ကြည့်ကောင်းမယ့် ပွဲတပွဲဖြစ်မယ်ဆိုရင်တော့ မမှားပါဘူး။ ၈ ပွဲကစားအပြီးမှာတော့ ဒီ ၂ သင်းလုံးက ၃ ပွဲနိုင်ထားပါတယ်။ စပါးက ၄ ပွဲသရေ ၁ ပွဲရှုံး၊ လီဗာပူးကတော့ ၃ ပွဲသရေ ၂ ပွဲရှုံးထားပါတယ်။ ဒီနှစ် ပရီးမီးယားလိဂ် ဇယားမှာ ၂ သင်းလုံးက နံပါတ် ၅ နေရာမှာ အမြင့်ဆုံး ရပ်တည်ခဲ့ဖူးပါတယ်။ စပါးအသင်းရဲ့ ဂိုးသွင်းအားကတော့ တပွဲကို ၁.၃၈ ဂိုးနှုန်း ရှိပေမယ့် လီဗာပူးကတော့ တပွဲကို ၁ ဂိုးနှုန်းပဲရှိနေပါတယ်။ ဒီ ၂ သင်းနောက်ဆုံးတွေ့ဆုံစဉ်ကတော့ လီဗာပူးက ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ထားပါတယ်။ လီဗာပူးနည်းပြသစ် ကလော့ ပရီးမီးယားလိဂ်မှာ နည်းပြ အဖြစ် ပထမဆုံးပွဲထွက်မယ့် ပွဲလည်း ဖြစ်ပါတယ်။ စကိုင်းစပေါ့က ပေါလ်မာဆန်ကတော့ စပါး နိုင်မယ်လို့ မှန်းထားပါတယ်။ ဘီဘီစီက ဘောလုံးအရေး ကျွမ်းကျင်သူ မတ်ခ်လော်ရင်ဆန်ကတော့ သရေကျမယ်လို့ မှန်းပါတယ်။ လက်ဝှေ့သမား အာမီခမ်းကတော့ လီဗာပူး နိုင်မယ်လို့ ဆိုပါတယ်။
ချဲလ်ဆီး-အက်စ်တွန်ဗီလာ
ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်မှာပါ ရှုံးပွဲဆက်နေလို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီးက နိုင်ပွဲ ၁ ပွဲသာ ရသေးတဲ ဗီလာနဲ့ ကစားကြမှာ ဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာတော့ ချဲလ်ဆီးက ၁၆၊ ဗီလာက ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ ချဲလ်ဆီးကတော့ ၄ ပွဲရှုံး၊ ၂ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ အဆင့် ၁၆ မှာရှိနေပြီး ဗီလာကတော့ ၆ ပွဲရှုံးပြီး ၁ ပွဲသရေကျထားပါတယ်။ နောက်ဆုံးကစားစဉ်ကတော့ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရထားပါတယ်။ ချဲလ်ဆီးအသင်း နိုင်မယ်လို့ အားကစားကလောင်ရှင်းအားလုံးက ခန့်မှန်းထားပါတယ်။
ခရစ္စတယ်ပဲလေ့စ်-၀က်စ်ဟမ်း
ပရီးမီးယားလိဂ် နံပါတ် ၄ နဲ့ ၆ နေရာက ပဲလေ့စ်နဲ့ ၀က်စ်ဟမ်းတို့ ကစားကြမှာ ဖြစ်ပါတယ်။ အသင်းငယ်တွေဖြစ်ပေမယ့် ဇယားမှာ နံပါတ် ၁၀ အတွင်း ရပ်တည်ထားနိုင်ပြီး ခြေစွမ်းတက်နေတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ၂ သင်းစလုံးဒီနှစ် ဘောလုံးရာသီ အမှတ်ပေး ဇယားမှာ နံပါတ် ၂ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ၂ သင်းမှာ နံပါတ် ၁ က မန်စီးတီးကို ပဲလေ့စ်က ရှုံးထားပေမယ့် ၀က်စ်ဟမ်းက အနိုင်ကစားထားပါတယ်။ ၀က်စ်ဟမ်းအသင်းရဲ့ ဂိုးသွင်းအားကတော့ တပွဲကို ၂ ဂိုးနှုန်းသွင်းထားပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ် ပဲလေ့စ်က ၀က်စ်ဟမ်းကို ၃ဂိုး ၁ ဂိုးနဲ့နိုင်ထားပါတယ်။ လော်ရိုရော မာဆန်ပါ ပဲလေ့စ်ကို အနိုင်ပေးထားပါတယ်။
အဲဗာတန်-မန်ယူ
ဒီပွဲကတော့ ကြည့်ကောင်းမယ့်ပွဲတပွဲဖြစ်ပါတယ်။ စက်တင်ဘာလအကုန် ဇယား နံပါတ် ၁ နေရာကနေ နံပါတ် ၃ နေရာကို ဆင်းပေးလိုက်ရတဲ့ မန်ယူနဲ့ အဆင့် ၇ အဲဗာတန်တို့ ကစားကြမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးလို အသင်းကို ၃ ဂိုးသွင်းယူထားနိုင်တဲ့ အဲဗာတန်ရဲ့ ခြေစွမ်းကတော့ ခန့်မှန်းရ ခက်ပါတယ်။ ၂ သင်းလုံးရဲ့ ဂိုးသွင်းအားကတော့ တပွဲကို ၁.၅ ဂိုးနှုန်းနဲ့ တူနေပါတယ်။ နောက်ဆုံးကစားခဲ့စဉ်မှာတော့ အဲဗာတန် အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ မန်ယူကို နိုင်ထားပါတယ်။ မာဆန်ရော လော်ရိုပါ ဒီပွဲကို သရေပွဲလို့ ခန့်မှန်းထားပါတယ်။
မန်စီးတီး-ဘုန်းမောက်
မန်စီးတီးနိုင်မယ်လို့ အားလုံးက မကစားခင်ကတည်းက တွက်ဆထားပြီးသား ဖြစ်ပါလိမ့်မယ်။ ဇယား နံပါတ် ၁ နေရာကို ပြန်လည်ရယူနိုင်တဲ့ မန်စီးတီးကတော့ ကစားသမားတွေ ဒဏ်ရာ ပြဿနာကြောင့် ရုန်းကန်ရမယ့် အနေအထားရှိပါတယ်။ အဂွီရိုရော ဆေးဗားပါ နိုင်ငံပွဲစဉ် ကိုယ်စားပြု ကစားခဲ့အပြီးမှာတော့ ဒဏ်ရာတွေ ရရှိထားလို့ နားနေရပါတယ်။ ဒါပေမယ့် အဂွီရိုနေရာမှာ ဘိုနီကစားနိုင်မှာ ဖြစ်ပါတယ်။ အလားတူ ဘုန်းမောက်မှာလည်း ဒဏ်ရာ ပြဿနာတွေရှိနေပါတယ်။ ကစားသမား အနေအထားကို ယှဉ်ကြည်ရင် မန်စီးတီးက အစစ သာလွန်နေသလို ရပ်တည်မှုကလည်း ဇယားနံပါတ် ၁ နဲ့ နံပါတ် ၁၅ ဘုန်းမောက်တို့က ကွာဟချက်တွေ များနေပါတယ်။ လော်ရိုနဲ့ မာဆန်ကလည်း ဒီပွဲမှာတော့ မန်စီးတီးလို့ ဆိုပါတယ်။
ဆောက်သမ်တန်-လက်စတာ
အသင်းငယ်တွေဖြစ်ပေမယ့် ခြေစွာနေလို့ ဒီနှစ်မှာ ၂ သင်းလုံးက အမှတ်ပေးဇယားမှာ နံပါတ် ၁၀ အတွင်း ရပ်တည်နေပါတယ်။ ဆောက်သမ်တန်က နံပါတ် ၉ နဲ့ လက်စတာက နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။ လက်စတာအသင်း ဂိုးသွင်းအားက တပွဲကို ၂.၁၃ ဂိုးနှုန်းရှိပြီး ဆောက်သမ်တန်က ၁.၆၃ ဂိုးဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံချိန်မှာတော့ လက်စတာက ဆောက်သမ်တန်ကို ၂ ဂိုး ဂိုးမရှိနဲ့နိုင်ထားပါတယ်။ ဆောက်သမ်တန်က ချဲလ်ဆီးကို အဝေးကွင်းမှာ ၃ ဂိုးသွင်းပြီး အနိုင်ကစားထားတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုကတော့ မြင့်မားနေမှာ သေချာပါတယ်။ လော်ရိုနဲ့ မာဆန်ကတော့ ဆောက်သမ်တန်ကို ရွေးထားပါတယ်။
ဝက်စ်ဘရွန်း-ဆန်းဒါးလန်း
အသင်းကြီးတွေကိုသာ ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက်တော့ ဒီပွဲကို စိတ်ဝင်စားမှု နည်းနိုင်ပါတယ်။ ပရီးမီးယားလိဂ် ဇယားအောက်ခြေက အဆင့် ၁၇ ၀က်စ်ဘရွန်းနဲ့ အဆင့် ၁၉ က ဆန်းဒါးလန်းတို့ ကစားကြမှာ ဖြစ်ပါတယ်။ ၀က်စ်ဘရွန်းကတော့ ၈ ပွဲကစား ၂ ပွဲနိုင်ထားပါတယ်။ ဆန်းဒါးလန်းကတော့ ဒီဘောလုံးရာသီမှာ နိုင်ပွဲပျောက်နေပါတယ်။ နောက်ဆုံးကစားခဲ့ရာမှာတော့ ၂ သင်းလုံးက ဂိုးမရှိသရေ ကျထားပါတယ်။ လော်ရိုရော မာဆန်ပါ ၀က်စ်ဘရွန်းကို အနိုင်ပေးထားပါတယ်။
ဝက်ဖို့ဒ်- အာဆင်နယ်
သြဂုတ်လဇယားနံပါတ် ၁၉ နေရာကနေ နံပါတ် ၂ နေရာကို တက်လှမ်းလာတဲ့ ခြေစွမ်း တက်နေတဲ့ အာဆင်နယ်နဲ့ ၁၂ က ၀က်ဖို့ဒ်တို့ ကစားကြမှာပါ။ အာဆင်နယ်က မန်ယူကို ကစားသွားတဲ့ ခြေမျိုးပါဆိုရင် ၀က်ဖို့ဒ်တို့ ဂိုးမပြတ်အောင် ကြိုးစားရမယ့်အနေအထားဖြစ်ပါတယ်။ တန်းတက် ၀က်ဖို့ဒ်နဲ့ အာဆင်နယ် အရင်နှစ် ပရီးမီးယားလိဂ်မှာတော့ ဆုံတွေ့ခဲ့ဖူးခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း အားကစားကလောင်ရှင်တွေက အာဆင်နယ်ကို ကြိုက်တယ်လို့ ဆိုပါတယ်။
DVB by ကိုထွေး
Original link - http://burmese.dvb.no/archives/117002
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment