
အောက်တိုဘာ ၃၁ ရက်က ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီး အသင်းက အိမ်ကွင်းမှာ လီဗာပူး အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့် သွားပါတယ်။
ချဲလ်ဆီး အသင်းက ပွဲစစချင်း မှာပဲ အလျင်အမြန် ထိုးဖောက် ကစားခဲ့ပြီး အဖွင့်ဂိုးကို ၄ မိနစ်မှာ ရာမိရက်စ်က သွင်းယူ ခဲ့တာဖြစ် ပါတယ်။ ၁ ဂိုး သွင်းယူပြီးနောက် ချဲလ်ဆီးကစားသမားတွေက တိုက်စစ်ထက် ခံစစ်ကို ဦးစားပေး ကစားခဲ့ကြ တာကြောင့် လီဗာပူး အသင်းက တောက်လျှောက် ပြန်လည် ဖိကစား ခဲ့ပါတယ်။
ပထမပိုင်း ပြီးခါနီး ၄၆ မိနစ်မှာ လီဗာပူးအသင်းအတွက် ချေပဂိုးကို ကော်တင်ဟိုက သွင်းယူခဲ့ပြီးနောက် ပထမပိုင်း ပြီးဆုံးသွားပါတယ်။
ဒုတိယပိုင်းမှာလည်း လီဗာပူးကပဲ ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာ ကော်တင်ဟိုကပဲ ၁ ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ဒီနောက် လူစားဝင်ကစားတဲ့ ဘန်တီကီက ပွဲချိန် ၈၃ မိနစ်မှာ ၁ ဂိုး ထပ်မံသွင်းယူခဲ့တာကြောင့် ၃-၁ ဂိုးနဲ့ လီဗာပူးအသင်းက အနိုင်ရသွားပါတယ်။
လီဗာပူးအသင်းနည်းပြသစ်အတွက်တော့ ပရီးမီးယားလိဂ်မှာ ပထမဆုံး နိုင်ပွဲတွေ့သွားတဲ့ပွဲလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းနည်းပြ မော်ရင်ဟိုဟာလည်း ဒီပွဲအရှုံးကြောင့် အသင်းကနေ ထုတ်ပယ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒီပွဲအရှုံးကြောင့် ၁၁ ပွဲကစား ရမှတ် ၁၁ မှတ် နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပြီး လီဗာပူးအသင်းကတော့ ၁၁ ပွဲကစား ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/119543
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment