
ချန်ပီယံလိဂ် အုပ်စု အီး ပွဲစဉ်အဖြစ် စပိန် လာလီဂါက ဘာစီလိုနာ အသင်းနဲ့ ဘီလာရုစ်ကလပ် ဘိတ်ဘိုရီဆော့တို့ နိုဝင်ဘာ ၄ ရက်ညက ယှဉ်ပြိုင်ရာ ဘာစီလိုနာက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်း မိနစ် ၃၀ မှာ ဘာစီလိုနာရှေ့တန်း တိုက်စစ်မှူး နေမာက ပင်နယ်တီက တဆင့် အဖွင့်ဂိုး သွင်းယူသွားပါတယ်။
ပထမပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းဟာ ဒုတိယပိုင်း မိနစ် ၆၀ မှာ ဆွာရက်ဇ်က ဒုတိယဂိုး၊ ၈၃ မိနစ်မှာ နေမာက တတိယဂိုး ထပ်မံသွင်းယူသွားပါတယ်။
ဒီပွဲမှာ ဘာစီလိုနာအသင်း ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဘိတ်အသင်းကို သက်သောင့်သက်သာ အနိုင်ယူသွားပါတယ်။
အုပ်စုအီးက ရိုးမားနဲ့ လေဗာကူဆင်တို့ပွဲမှာတော့ ဂိုးအပြန်အလှန်သွင်းပြီး ရိုးမားက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ရိုးမားအတွက် ဂိုးတွေကို ပွဲအစ ၂ မိနစ်မှာ မိုဟာမက် ဆာလာက ပထမဂိုး၊ ၂၉ မိနစ်မှာ အီဒင် ဒီဇက်ကိုက ဒုတိယဂိုးနဲ့ မိနစ် ၈၀ မှာ ပီဂျာနစ်က ပယ်နယ်တီကတဆင့် တတိယဂိုး အသီးသီး သွင်းယူသွားပါတယ်။
လေဗာကူဆင်အတွက် ချေပဂိုး ၂ ဂိုးတွေကိုတော့ ၄၆ မိနစ်မှာ အတ်ဒ်မီယာ မက်မီဒီနဲ့ ၅၁ မိနစ်မှာ ဟာနန်ဒက်ဇ်တို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ လေဗာကူဆင်က အိုမာ တော့ပ်ရတ်ခ် (Omer Toprak) မိနစ် ၈၀ မှာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။
အုပ်စု အီးက ၄ ပွဲစီ ကစားပြီးချိန်မှာတော့ ဘာစီလိုနာအသင်းက ၁၀ မှတ်နဲ့ အုပ်စု ပထမ၊ ရိုးမားက ၅ မှတ်နဲ့ ဒုတိယ၊ လေဗာကူဆင်က ၄ မှတ်နဲ့ တတိယ၊ ဘိတ်က ၃ မှတ်နဲ့ စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/120208
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment