
မတ် ၂၇၊ လန်ဒန်
အာဆင်နယ် ဂန္ထဝင် ဂိုးသမား ဒေးဗစ် ဆီးမန်းက အာစင်ဝင်းဂါး ဆန့်ကျင် သူများကို သတိပေး လိုက်ပြီး ယင်းပြင်သစ် နည်းပြ ထွက်ခွာ သွားပါက အာဆင်နယ် အသင်းအနေဖြင့် မန်ချက်စတာ ယူနိုက်အသင်း၏ လက်ရှိ ပုံစံ အခင်းအကျင်း အတိုင်း ဖြစ်သွားနိုင်သည်ဟု ခန့်မှန်း လိုက်သည်။
အောက်တိုဘာတွင် အာဆင်နယ်နှင့်နှစ် ၂၀ ပြည့်ခဲ့သော ၎င်း၏နည်းပြဟောင်းအနေဖြင့် လက်ရှိအကျပ်အတည်းကြားမှ အာဆင်နယ်ကို မောင်းနှင်သွားနိုင်လိမ့်မည်ဟု ဆီးမန်းက မျှော်လင့်နေသည်။
အာစင်ဝင်းဂါး၏ ပရိသတ်တစ်ဦးဖြစ်သော ဂိုးသမားဟောင်းက ယခုအခြေအနေမှာ အသက် ၆၆ နှစ်အရွယ်နည်းပြအတွက် ယောက်ရက်ခတ် စသည့် ကာလတစ်ခုဟုလည်း ဝန်ခံခဲ့သည်။
အာဆင်နယ်အသင်းသည် နောက်ဆုံးပွဲတွင် အဲဗာတန်ကိုနိုင်ခဲ့သော်လည်း ပရိသတ်များမှာ အက်ဖ်အေဖလားနှင့် ချန်ပီယံလိဂ်ဖလား အရှုံး အတွက် မကျေမနပ်ဖြစ်နေကြဆဲဖြစ်ပြီး အနည်းစုက ထိပ်ပိုင်းအပြောင်းအလဲလုပ်ရန် တောင်းဆိုနေကြသည်။
"အာဆင်နယ်နဲ့ပတ်သက်ပြီး အဲဒီအဆိုးမြင်တာတွေကို စိတ်ပျက်ပါတယ်။ ထိပ်ပိုင်းအပြောင်းအလဲလုပ်ရမှာလား။ ကျွန်တော်ကတော့ မထင်ဘူး။ ကျွန်တော်က အာစင်ဝင်းဂါးကို သိပ်ကြိုက်တဲ့ ပရိသတ်တစ်ယောက်ပါ။
ရာသီကုန်မှာ ဘာဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။ ဘာတွေမှားသွားလဲစောင့်ကြည့်ကြပြီး ပိုင်းခြားစုစည်းကြည့်ကြတာပေါ့။
ကျွန်တော့်အမြင်အရတော့ ဝင်းဂါးက သိပ်တော်ခဲ့ပါတယ်။ သူနဲ့ ခုနစ်နှစ်၊ ရှစ်နှစ်လောက် လက်တွဲခဲ့ဖူးရာမှာလည်း သူ့အရည်အချင်းကို သိခဲ့ရ ပါတယ်"ဟု ဆီးမန်းက ပြောသည်။
မန်ချက်စတာယူနိုက်တက်အသင်းတွင် ဖာဂူဆန်အနားယူသွားပြီးနောက် နည်းပြနေရာအတွက် ခေါင်းခဲနေရသည့်ဖြစ်ရပ်များကိုလည်း ဆီးမန်းက ထောက်ပြခဲ့သည်။
"မန်ချက်စတာယူနိုက်တက်အသင်းကို ကြည့်လိုက်ပါ။ သူတို့ဘာတွေဖြစ်နေလဲဆိုတာ ကြည့်လိုက်ပါ။ ဂန္ထဝင်နည်းပြဖာဂူဆန်ကို သူတို့ဆုံးရှုံး ထားတယ်။ သူအနားယူသွားခဲ့ပေမယ့် အလေးထားခံနေရတုန်းပဲ။
အာစင်ဝင်းဂါးမှာ မှတ်တမ်းကောင်းတွေရှိပေမယ့် အမြဲတမ်းဖိအားတွေအောက်ရောက်နေရတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားရရင် တောင် သူ့မှာဖိအားတွေက ရှိနေဦးမှာပဲ။
အာဆင်နယ်ပရိသတ်တွေစိတ်ပျက်နေတာကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော့်မှာလည်း စိတ်ပျက်ခဲ့ရတဲ့ အချိန်တွေရှိပါတယ်။ ဒါပေမဲ့ အဲဒါကို ကျွန်တော်တို့ အဆိုးမမြင်လိုက်သင့်ဘူး။ အကောင်းမြင်တဲ့ဘက်မှာပဲရှိဖို့ ကြိုးစားသင့်တယ်။
ခက်ခဲတဲ့ရက်သတ္တပတ်ကိုအဆုံးသတ်ပြီး အဲဗာတန်ကိုနိုင်လိုက်တာကောင်းတယ်။ အဲဒါက ရှေ့ဆက်ဖို့ ယုံကြည်စိတ်ဖြစ်စေဖို့ မျှော်လင့်ပါ တယ်"ဟု ဆီးမန်းက ဆိုသည်။
Ref; Mirror
မဇ္ဈိမသတင်း by - ဝေဘုန်းလူ
Originally published at - http://mizzimaburmese.com/article/12836





No comments:
Post a Comment