
ဧပြီ ၂၀၊ မြူးနစ်
အင်္ဂါနေ့က ကစား ခဲ့သော ပိုကယ် ဖလား ဆီမီးတွင် ဝါဒါ ဘရီမင်ကို ၂-၀ ဖြင့် အနိုင်ရ ပြီးနောက် ဖလားသုံးလုံး လမ်းကြောင်းပေါ်ဆက်ရှိနိုင် ခဲ့သဖြင့် ဘိုင်ယန်မြူးနစ် နည်းပြ ဂွာဒီယိုလာက ကျေနပ်နေသည်။
သို့သော် ဝါဒါဘရီမင်နှင့်ပွဲတွင် ဗီဒယ်ဟန်ဆောင်လှဲချရာမှ ပင်နယ်တီဂိုးတစ်ဂိုးရရှိခဲ့ခြင်းနှင့် ဂိုးပိုမသွင်းနိုင်ခဲ့ခြင်းအတွက်မူ ဂွာဒီယိုလာက စိတ်ပျက်လျှက်ရှိသည်။ ဘိုင်ယန်မြူးနစ်အတွက် ဂိုးနှစ်ဂိုးစလုံးကို တိုက်စစ်မှူး မူလာက သွင်းယူပေးခဲ့သည်။
"ကျွန်တော် ကျေနပ်ပါတယ်။ ဘာလင်ကိုသွားပြီး ဗိုလ်လုပွဲကစားရတော့မယ်။ ဘရီမင်ဟာ ရှေ့အဆင့်တွေမှာ ဂလက်ဘတ်၊ လေဗာကူဆင်တို့ ကို ကျော်ဖြတ်လာတဲ့အသင်းပါ။
ကျွန်တော်တို့ ခက်ခဲတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ခဲ့ရတာပါ။ အရှိန်ကောင်းကောင်းနဲ့တိုက်စစ်ဆင်ချင်ခဲ့ပြီး လုံလောက်တဲ့ဂိုးသွင်းခွင့်တွေလည်းရခဲ့ပါ တယ်။ ဒါပေမဲ့ ပင်နယ်တီကတော့ မရခဲ့သင့်ပါဘူး"ဟု ဂွာဒီယိုလာက ပြောသည်။
အငြင်းပွားဖွယ်ပင်နယ်တီဂိုးကို ခွင့်ပြုခဲ့ရသော်လည်း ဝါဒါဘရီမင်နည်းပြ ဗစ်တာက ဘိုင်ယန်မြူးနစ်အသင်းမှာ အနိုင်နှင့်ထိုက်တန်ခဲ့ကြောင်း ဂုဏ်ပြုစကားဆိုခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ပြည်တွင်းအမှတ်ပေးဖလားပြိုင်ပွဲတွင် ဇယားထိပ်ဆုံးမှဦးဆောင်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဆီမီးအဆင့်သို့ ရောက်နေသည်။
Ref; goal.com
မဇ္ဈိမသတင်း by ဝေဘုန်းလူ
Originally published at - http://mizzimaburmese.com/article/13382





No comments:
Post a Comment