Wednesday, May 10, 2017
ဆန်းချက်ဇ် ခြေစွမ်းပြလို့ နိုင်ပွဲရပြီး မန်ယူကို အာဆင်နယ် ကျော်တက်
ဆောက်သမ်တန် အိမ်ကွင်းမှာ အာဆင်နယ်က ဆန်းချက်ဇ်ရဲ့ ခြေစွမ်းပြ မှုနဲ့ နှစ်ဂိုးပြတ် အနိုင်ယူပြီး မန်ယူကို ကျော်တက် လိုက်ပါပြီ။
ဆန်းချက်ဇ်က သူ့အတွက် ပရီးမီးယားလိဂ် ပွဲတစ်ရာပြည့် ပွဲစဉ်မှာ အာဆင်နယ် အသင်း အတွက် အဖွင့်ဂိုး သွင်းယူပေးနိုင် ခဲ့ပါတယ်။
ဆောက်သမ်တန် အသင်းဟာ ဒီပွဲစဉ်ကို ရှုံးနိမ့် ခဲ့ပေမယ့် အာဆင်နယ်ကို အကောင်းဆုံး ခြိမ်းခြောက် ကစားနိုင် ခဲ့ပါတယ်။ အဆုံးသတ် လိုအပ်ချက် အနည်းငယ် ရှိခဲ့ လို့သာ ဂိုးမရ ခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် အစောပိုင်း ပွဲချိန်တွေမှာ ဆောက်သမ်တန်အသင်းက အာဆင်နယ်ဂိုးပေါက်ကို ခြိမ်းခြောက် ကစားနိုင် ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို ဆန်းချက်ဇ်နဲ့ ဂျီရုဒ်က သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီပွဲအနိုင်ကြောင့် အာဆင်နယ်က အဆင့်-၅ နေရာကို တက်လှမ်း လာခဲ့ပါတယ်။ လက်ကျန်သုံးပွဲ ကစားဖို့ ကျန်နေတဲ့အချိန်မှာ အာဆင်နယ်က အဆင့်-၄ နေရာက မန်စီးတီးနဲ့ သုံးမှတ်အကွာကို ရောက်လာခဲ့ပြီး မန်ယူထက် တစ်မှတ် ပိုသာသွားပြီ ဖြစ်ပါတယ်။
ပထမပိုင်းဆောက်သမ်တန်အသင်းဘက်က တိုက်စစ်မှူး ဂက်ဘီယာဒီနီရဲ့ အပိုင်ကန်ချက်၊ ရက်ဒ်မွန်းရဲ့ ဂိုးရနိုင်လောက်တဲ့ အဝေးကန်ချက်တွေကို ပီတာ ဆက်ခ်ျ လက်စွမ်းပြ ကာကွယ်ခဲ့ရပါတယ်။ ဒုတိယပိုင်း မိနစ် ၆၀ မှာတော့ အာဆင်နယ်အသင်းလိုအပ်နေတဲ့ အဖွင့်ဂိုး ရသွားခဲ့ပါတယ်။ အိုဇေးထိုးပေးတဲ့ ဘောလုံးကို ဆန်းချက်ဇ်က ဂိုးဧရိယာထဲမှာ ဆောက်သမ်တန်ကစားသမား နှစ်ဦးကို လှည့်ထွက်ပြီး ကန်သွင်းယူလိုက်တာဖြစ်ပါတယ်။
ပွဲပြီးဖို့ ဆယ်မိနစ်အလိုမှာ အာဆင်နယ်အသင်းဒုတိယဂိုး ထပ်ရပါတယ်။ ဆန်းချက်ဇ်က ဂိုးဧရိယာထဲ ကန်တင်ပေးတာကို ရမ်ဆေးခေါင်းတိုက်ပြန်ချပေးရာမှာ ဂျီရုဒ်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူလိုက်တာပါ။
ဆန်းချက်ဇ်ဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ဂိုး ၂၀ ပြည့်သွားခဲ့ပြီဖြစ်ပြီး သူ့အတွက် တစ်ရာသီအတွင်း ပထမဆုံး ဂိုး ၂၀ သွင်းနိုင် တဲ့ နှစ်ဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်အတွက် ချန်ပီယံလိဂ် ဝင်ခွင့်ဟာ ပြန်လည်အသက်ဝင်လာခဲ့ပြီဖြစ်ပြီး မန်စီးတီးနဲ့ အာဆင်နယ်နှစ်သင်းက လက်ကျန် သုံးပွဲမှာ ခြေချော်တဲ့အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်ကို လက်ပြနှုတ်ဆက်ရမှာပါ။
From : Duwun by KK
Originally published at - http://www.duwun.com.mm
Subscribe to:
Post Comments (Atom)
No comments:
Post a Comment