မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, May 10, 2017

အသလက်တီကိုက နှစ်ဂိုး အရင်သွင်း သော်လည်း ရီးရဲလ်မက်ဒရစ် ဗိုလ်လုပွဲ တက်




ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ဒုတိယ အကျော့မှာ ရီးရဲလ် မက်ဒရစ်က အသလက်တီကို အသင်းကို ရှုံးခဲ့ ပေမယ့် ဗိုလ်လုပွဲ တက်ခွင့် ရခဲ့ ပါတယ်။

ရီးရဲလ် မက်ဒရစ် အသင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်နှစ် ဆက်တိုက် တက်လှမ်းနိုင် ခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကို အရင် ရောက်နေ ပြီးသား ဖြစ်တဲ့ အီတလီ ကလပ် ဂျူဗင်တပ် အသင်းနဲ့ ရီးရဲလ် မက်ဒရစ်တို့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်သလို ဂျူဗင်တပ် ကလည်း သုံးနှစ် အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ကြိမ် တက်လှမ်းနိုင် ခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန်အစောပိုင်းမှာပဲ အသလက်တီကို အသင်းက နှစ်ဂိုး အရင် သွင်းခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ချေပဂိုးကြောင့် စိတ်ဓာတ် ကျဆင်း သွားခဲ့ပြီး လက်ကျန် ဂိုးတွေ ဆက်မသွင်းနိုင် ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာပဲ အိမ်ရှင်အသလက်တီကိုအသင်း အဖွင့်ဂိုးရသွားခဲ့တာပါ။ ရလာတဲ့ ထောင့်ကန်ဘောကို အသလက်တီကို ကစားသမား ကိုကီ ကန်တင်ရာမှာ နီဂွက်ဇ်က ခေါင်းတိုက်သွင်းယူလိုက်တာဖြစ်ပါတယ်။

နောက်ထပ် လေးမိနစ်အကြာမှာ အသလက်တီကိုအသင်း မထင်မှတ်ပဲ နောက်တစ်ဂိုးရသွားလို့ ရီးရဲလ်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါသေးတယ်။ ရီးရဲလ် မက်ဒရစ် နောက်ခံလူ ဗာရန်း အဖျက်ကြမ်းလို့ ပင်နယ်တီပေး ခဲ့ရတာ ဖြစ်ပြီး အဲဒီပင်နယ်တီကို ဂရိဇ်မန်းက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာ အသလက်တီကိုအသင်းကစားပုံ ပိုမိုကြမ်းတမ်းလာခဲ့ပြီး ရီးရဲလ်မက်ဒရစ်လည်း ခပ်မာမာ တုန့်ပြန်ကစားခဲ့ပါတယ်။ ရီးရဲလ်ကစားသမား ကက်ရှ်မီယို အသလက်တီကိုကစားသမား ဂရိဇ်မန်းကို အဖျက်ကြမ်းခဲ့သလို အသလက်တီကိုကစားသမား ဂိုဒင်လည်း ရော်နယ်ဒိုကို အတော်လေး အဖျက်ကြမ်းခဲ့ပါသေးတယ်။

ဒါပေမယ့် ပထမပိုင်းပြီးခါနီး ၄၂ မိနစ်မှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမားရဲ့ ခြေစွမ်းပြမှုကြောင့် ရီးရဲလ်မက်ဒရစ်အသင်း ချေပဂိုး ရသွားခဲ့ပါတယ်။

ညာဘက်အခြမ်းမှာ ရလာတဲ့ဘောလုံးကို ဘန်ဇီးမားက ဂိုးလွန်စည်း အစပ်နားအထိ ဆွဲယူသွားပြီး နောက်ခံလူ သုံးယောက်ကို မထင်မှတ်ပဲ ကျော်ဖြတ်ကာ ဘောလုံးထိုးပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီဘောလုံးကို တိုနီခရူးစ်အပြင်းကန်သွင်းရာမှာ အသလက်တီကို ဂိုးသမား ပုတ်ထုတ်ခဲ့ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို အစ္စကိုက အနီးကပ် ပိတ်သွင်း ယူလိုက်တာဖြစ်ပါတယ်။

ဒီဂိုးဟာ ရီးရဲလ်မက်ဒရစ်ဗိုလ်လုပွဲတက်ဖို့ အလွန်အရေးပါတဲ့ ဂိုးဖြစ်ခဲ့တာပါ။ ဒီဂိုးသာ မရခဲ့ဘူးဆိုရင် အသလက်တီကိုအသင်း နောက်တစ်ဂိုးရတာနဲ့ ရီးရဲလ် မက်ဒရစ် ဗိုလ်လုပွဲတက်ရေးမျှော်လင့်ချက်ဟာ ပျက်ပြယ်သွားနိုင်ခဲ့တဲ့ အခြေအနေကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ချေပဂိုးရှင် အစ္စကိုကတော့ ဒီရာသီမှာ အသင်းအတွက် ပထမဆုံး ချန်ပီယံလိဂ်ပွဲကစားပြီး အရေးပါတဲ့ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အသလက်တီကိုအသင်း ပိုမိုထိုးဖောက်ခွင့် ရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ဂိုးသမား နာဗက်စ်လက်စွမ်းပြ ကာကွယ်နေခဲ့လို့ ရီးရဲလ်ထပ်ပြီး ဂိုးမပေး ခဲ့ရတာပါ။

ဒီရလဒ်နဲ့ပဲ ပွဲပြီးသွားလို့ ရီးရဲလ်က နှစ်ကျော့ပေါင်းရလဒ် ၄-၂ နဲ့အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပါတယ်။

From : Duwun by KK

Originally published at - http://www.duwun.com.mm

No comments:

Post a Comment