Thursday, August 18, 2016
အိုလံပစ်ဘောလုံးဆီမီး ဘရာဇီး ၆ – ၀ ဟွန်ဒူးရပ်စ်၊ ဂျာမနီ ၂ – ၀ နိုင်ဂျီးရီးယား (ရုပ်သံဟိုက်လိုက်)
ဘရာဇီးမှာ ကျင်းပနေတဲ့ အိုလံပစ်အားကစားပွဲ ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘရာဇီးအသင်းက ဟွန်ဒူးရပ်စ်ကို ၆ ဂိုး ဂိုးမရှိ၊ ဂျာမနီက နိုင်ဂျီးရီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ဟွန်ဒူးရပ်စ် နောက်ခံလူတွေရဲ့ အမှားကနေတဆင့် ပွဲစပြီး ၁၅ စက္ကန့်မှာ အိုလံပစ် သမိုင်းတလျှောက် အမြန်ဆုံးဂိုးကို ဘရာဇီး တိုက်စစ်မှူး နေမာက သွင်းယူပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ် အိုလံပစ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဘရာဇီးနဲ့ မက္ကဆီကိုတို့ ကစားတဲ့ပွဲ ပွဲချိန် ၂၉ စက္ကန့်မှာ မက္ကဆီကို ရှေ့တန်းတိုက်စစ်မှူး သွင်းယူတဲ့ဂိုးက အမြန်ဆုံး ဖြစ်ခဲ့ပြီးနောက် အခု နေမာက ၁၅ စက္ကန့်နဲ့ ဂိုးသွင်းယူခဲ့တဲ့အတွက် စံချိန်သစ် တင်လိုက်နိုင်တာပါ။
ဒီနောက် ၂၆ မိနစ်နဲ့ ၃၅ မိနစ်တို့မှာ ဂါဘရီရယ်လ် ဂျီးဆပ်စ်က ဒုတိယနဲ့ တတိယဂိုးကို သွင်းယူပြီး ပထမပိုင်းမှာ ဘရာဇီးက ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၅၁ မိနစ်မှာတော့ မာကွင်ဟိုက စတုတ္ထဂိုး၊ ၇၉ မိနစ်မှာ လူအန်က ပဉ္စမဂိုးတွေကို သွင်းယူခဲ့ပြီး အပိတ်ဂိုးကို ပင်နယ်တီကနေတဆင့် နေမာက သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ ဘရာဇီးက ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာပါ။
ဒုတိယပွဲစဉ်ဖြစ်တဲ့ ဂျာမနီနဲ့ နိုင်ဂျီးရီးယား ပွဲစဉ်မှာတော့ ဂျာမနီက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ဂျာမနီအသင်းအတွက် ဂိုးတွေကိုတော့ ပထမပိုင်း ၉ မိနစ်မှာ ကလော့စတာမန်နဲ့ ဒုတိယပိုင်း ၈၉ မိနစ်မှာ နေးလ်ပီတာဆန်တို့က သွင်းယူသွားတာ ဖြစ်ပါတယ်။
သြဂုတ် ၂၀ ရက်မှာတော့ ဘရာဇီးနဲ့ ဂျာမနီတို့ အိုလံပစ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ကစားမှာ ဖြစ်ပါတယ်။
ဘရာဇီးအသင်းဟာ အိုလံပစ်ပြိုင်ပွဲမှာ တခါမှ ဗိုလ်စွဲခဲ့ဖူးခြင်း မရှိသလို ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်မှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်ပြီးမှ မက္ကဆီကိုကို ရှုံးနိမ့်ပြီး ဒုတိယပဲ ရခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/164382
Labels:
ရုပ်သံ,
အိုလံပစ်,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment