မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, April 28, 2016

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်း ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲများ ကစားရန် စီစဉ်



မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်း သုဝဏ္ဏ လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်နေစဉ် (ဓာတ်ပုံ - ရွှေဘုတ်)

ဧပြီ ၂၈ ၊ ရန်ကုန်

အာဆီယံ အမျိုးသမီး ဖူဆယ် ကလပ်ပြိုင်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်း အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် ပူးပေါင်း လေ့ကျင့်ပြီး ခြေစမ်းပွဲများ ကစားရန် စီစဉ်ထားသည် ဟု အမျိုးသမီး ဖူဆယ်အသင်း နည်းပြချုပ် ဦးဌေးမြင့် က ပြောသည်။

အမျိုးသမီးဖူဆယ်အသင်းသည် အဆိုပါ ထိုင်းခြေစမ်းခရီးစဉ်ကို ဇွန်လ ၁၄ ရက်တွင် သွားရောက်မည်ဖြစ်ပြီး ဆယ်ရက်ခန့်ကြာမြင့်ကာ ထိုင်းကလပ် အသင်းများနှင့် ခြေစမ်းပွဲ ကစားခြင်းများ၊ ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

“ အမျိုးသမီးဖူဆယ်အသင်းက ရန်ကုန်၊ မန္တလေး အကယ်ဒမီတွေ၊ လက်ရွေးစင်ဟောင်းတွေနဲ့ ပြန်စုစည်းပြီး ပဏာမကစားသမား ၃၈ ယောက်နဲ့ ဒီလကနေ စလေ့ကျင့် ဖြစ် တာပါ။ ပြည်တွင်းအသင်းတွေဖြစ်တဲ့ ယူ-၁၉ အမျိုးသားဖူဆယ်အသင်းတွေ၊ အပျော်တမ်းကလပ်အသင်းတွေနဲ့ ခြေစမ်းဖို့ရှိပါတယ်။

ပြီးရင်တော့ ကျွန်တော်တို့ ၂၅ ယောက်စာရင်း ဖြတ်ပါမယ်။ ပြည်ပခရီးစဉ်ကို ဇွန်လ ၁၄ ရက်နေ့ ထိုင်းကို သွားပါမယ်။ ဟိုက အသင်းတွေနဲ့ ခြေစမ်းပွဲ ၄ ပွဲလောက်ကစားဖို့ ကမ်းလှမ်းထားပါတယ်။ ပြီးတာနဲ့ ပြန်လာရင် နေပြည်တော်မှာ တန်းသွားပြီး စခန်းသွင်းလေ့ကျင့်မှာပါ။

လေ့ကျင့်ချိန်နည်းပေမယ့် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားမှာပါ ” ဟု အမျိုးသမီးဖူဆယ်အသင်း၏ ပြင်ဆင်မှုနှင့် ပတ်သက်၍ နည်းပြ ဦးဌေးမြင့်က ပြောသည်။

၂၀၁၆ အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲများကို လာမည့် ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်နေ့ အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည် အမျိုးသမီးဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဖူဆယ်ကလပ်အသင်းမရှိသည့်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံမှ ဖူဆယ်ကလပ် သုံးသင်းနှင့် မလေးရှားကလပ်အသင်းဖြစ်သည့် ဖယ်ဒါယူနိုက်တက်အသင်းတို့ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မဇ္ဈိမသတင်း by - ရွှေဘုတ်

Originally published at - http://mizzimaburmese.com/article/13632

No comments:

Post a Comment