
ဧပြီ ၂၂၊ လန်ဒန်
ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ အစည်းအရုံး (ပီအက်ဖ်အေ) ကရွေးသည့် ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးအသင်းလူစာရင်းကို လက်စတာနှင့် စပါးကစားသမားများက သာလွှမ်းမိုးထားပြီး နှစ်သင်းပေါင်းရှစ်ယောက် အထိရွေးချယ်ခံခဲ့ရသည်။
လက်စတာမှရွေးချယ်ခံရသည့်လေးယောက်တွင် ဗာဒီထိပ်ဆုံးမှပါနေသလို စပါးမှရွေးခံရသည့်လေးယောက်တွင်လည်း ဟယ်ရီကိန်းက ဦးဆောင်ပါဝင်နေသည်။
ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆန်ကာတင်စာရင်းတွင်ပါဝင်သော အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်မှာမူ အကောင်းဆုံးအသင်းတွင် ပါဝင်လာခြင်းမရှိပေ။
ပီအက်ဖ်အေသည် အကောင်းဆုံးအသင်းလူစာရင်းကို နှစ်ပတ်လည်ဆုပေးပွဲကျင်းပမည့် တနင်္ဂနွေတွင်မှ ထုတ်ပြန်ရန်ရှိခဲ့သော်လည်း အသေးစိတ်အချက်အလက်များပေါက်ကြားမှုကြောင့် အချိန်စောထုတ်ပြန်လိုက်ရခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးအသင်းတွင်ရွေးချယ်ခံရသူများမှာ ဂိုးသမားနေရာတွင် မန်ယူမှ ဒီဂီယာ၊ နောက်တန်းအတွင်းလူ နေရာတွင် စပါးမှ အယ်ဒါဝီယာ၊ လက်စတာအသင်းခေါင်းဆောင် မော်ဂန်၊ ဘယ်နောက်ခံနေရာတွင် စပါးမှ ရို့စ်၊ ညာနောက်ခံနေရာတွင် အာဆင်နယ်မှ ဘယ်လာရင်၊ ကွင်းလယ်တွင် လက်စတာမှ ကန်တီနှင့် စပါးမှ အလီ၊ ကွင်းလယ် ဘယ်အစွန်တွင် ဝက်စ်ဟမ်းမှ ပေယက်၊ ညာအစွန်တွင် လက်စတာမှမာရက်ဇ်၊ တိုက်စစ်တွင် စပါးမှ ကိန်းနှင့် လက်စတာမှ ဗာဒီတို့ ဖြစ်သည်။
Ref; BBC
မဇ္ဈိမသတင်း by ဝေဘုန်းလူ
Originally published at - http://mizzimaburmese.com/article/13429





No comments:
Post a Comment