၂၀၁၅ အာဆီယံ ယူ - ၁၆ ပြိုင်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင် ကစားနေစဉ်။ (ဓာတ်ပုံ - MFF) |
ဧပြီ ၂၁ ၊ ရန်ကုန်
အာဆီယံ ယူ-၁၆ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအတွက် နည်းပြအဖွဲ့ထပ်မံဖြည့်တင်းမှုများ ပြုလုပ်သွားမည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို လက်ရှိတွင် နည်းပြချုပ်အဖြစ် ဦးသန်းထိုက်က တာဝန်ယူဆောင်ရွက်ကာ မြန်မာနေရှင်နယ်လိဂ်-၃ (သို့) အပျော်တမ်းလိဂ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
“ ယူ-၁၆ အသင်းကို လက်ရှိတော့ ဦးသန်းထိုက်က တာဝန်ယူကိုင်တွယ်နေတယ်။ ဒါပေမယ့် ကျွန်တော်တို့ နည်းပြအဖွဲ့ကို ထပ်ပြီးတော့ ဖြည့်ဖို့ရှိပါတယ်။ ဒီတစ်ခုထဲ မဟုတ်ပါဘူး။ လက်ရွေးစင်သက်တမ်းလိုက်အသင်းတွေကို သေချာပြင်ဆင်မှာပါ။
ပြီးခဲ့တဲ့ အာရှယူ-၁၉ခြေစစ်ပွဲမှာဆို နောက်တစ်သင်းအရန်မရှိတဲ့အတွက် ခြေစစ်ပွဲမအောင်ခဲ့ဘူး။ အဲဒီ့အတွက် ယူ-၁၄၊ ယူ-၁၆၊ ယူ-၁၉ သက်တမ်းအလိုက် လက်ရွေးစင်တွေ မပြတ်အောင် မွေးထုတ်သွားပြီး လက်ရွေးစင်ကြီးအထိ အကောင်းဆုံးသွားမှာပါ။
အာဆီယံပြိုင်ပွဲအတွက်လည်း ထိုင်းမှာသွားလေ့ကျင့်ဖို့ပြင်ဆင်နေပါတယ် ” ဟု ဦးကိုကိုသိန်းက ပြောသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အာဆီယံ ယူ-၁၆ အမျိုးသားဘောလုံးပြိုင်ပွဲ မဲခွဲမှုရလဒ်အရ အုပ်စု (က)တွင် သြစတြေးလျ၊ ဖိလစ်ပိုင်၊ဗီယက်နမ်၊ စင်ကာပူ အသင်းများနှင့် အတူကျရောက်ခဲ့ပြီး အုပ်စု(ခ)တွင် အိမ်ရှင် ကမ္ဘောဒီးယားနှင့်အတူ ထိုင်း၊ လာအို၊ တီမော၊ ဘရူနိုင်း၊ အင်ဒိုနီးရှား အသင်းတို့ တစ်အုပ်စုတည်း ကျရောကနေသည်။
အာဆီယံ ယူ၁၆ အမျိုးသားဘောလုံး ပြိုင်ပွဲကို ၂၀၁၆ ဇူလိုင် ၁၀ ရက် မှ ၂၃ ရက်အထိ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။
မဇ္ဈိမသတင်း by - ရွှေဘုတ်
Originally published at - http://mizzimaburmese.com/article/13503
No comments:
Post a Comment