မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, May 29, 2016

ပင်နယ်တီ အဆုံးဖြတ်ဖြင့် ရီးရဲလ် ချန်ပီယံလိဂ် ဖလား ဗိုလ်စွဲ (ရုပ်သံဟိုက်လိုက်)




မေလ ၂၉ ရက် မနက်က ယှဉ်ပြိုင် သွားတဲ့ ဥရောပ ချန်ပီယံလိဂ် နောက်ဆုံး ဗိုလ်လု ပွဲမှာ ရီးရဲလ် မက်ဒရစ်က မြို့ခံပြိုင်ဘက် အက်သလက် တီကို မက်ဒရစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်စွဲ သွားခဲ့ ပါတယ်။

မြို့ခံပြိုင်ဘက်နှစ်သင်း ပီပီ အကြိတ်အနယ် ယှဉ်ပြိုင် သွားခဲ့ပြီး ဂိုးသွင်း ခွင့်တွေလည်း အပြန်အလှန် ရရှိခဲ့ ပါတယ်။ ပွဲချိန် ၁၅ မိနစ်မှာ တိုနီခရူးစ် ကန်တင်ပေး လိုက်တဲ့ ပြစ်ဒဏ်ဘောကို ဂါရတ်ဘေးခေါင်းတိုက်ရာမှာ နောက်ခံလူ ရာမို့စ်က ပိတ်သွင်းပြီး ရီးရဲလ်က အဖွင့်ဂိုး ရရှိခဲ့ ပါတယ်။

ဒုတိယပိုင်း ၄၈ မိနစ်မှာတော့ တီကိုတိုက်စစ်မှူး ဖာနန်ဒိုတော့ရက်စ်ကို ရီးရဲလ်နောက်ခံလူ ပေပေ အဖျက်ကြမ်းတာကြောင့် ပင်နယ်တီပေးခဲ့ရပါတယ်။ ပင်နယ်တီကို တီကို တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း ကန်သွင်းရာမှာ ဘားတန်း ထိသွားခဲ့တာကြောင့် အက်သလက်တီကို ခြေပဂိုးနဲ့ လွဲချော်ခဲ့ပါတယ်။

ကျန်ပွဲချိန်တွေမှာ တီကိုကပဲ ဖိအားပေးကစားသွားခဲ့ပြီး ပွဲချိန် ၇၉ မိနစ်မှာ လူစားဝင်ကစားသမား ကာရက်စ်ဆိုက တီကိုအတွက် ခြေပဂိုး သွင်းယူပေးခဲ့ပါတယ်။

မိနစ် ၉၀ ထိ တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်သလို အချိန်ပိုဆက်ကစားရာမှာလည်း ဂိုးမသွင်းနိုင်ကြတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။

ပင်နယ်တီလေးလုံးမြောက်မှာ ရီးရဲလ်က အလုံးတိုင်း ဂိုးအဖြစ် ကန်သွင်းနိုင်ပေမယ့် တီကိုအတွက် ယန်ဖရန် ကန်သွင်းရာမှာ တိုင်ထိထွက်သွားခဲ့ပါတယ်။ အဆုံးအဖြတ် ပင်နယ်တီဂိုးကိုတော့ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ကန်သွင်းသွားပြီး ရီးရဲလ်မက်ဒရစ် ဗိုလ်စွဲသွားခဲ့ပါတယ်။

အခုအကြိမ် ဗိုလ်စွဲခဲ့တဲ့ ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ၁၁ ကြိမ်မြောက် ရရှိတဲ့အသင်းအဖြစ် ဆက်လက် စံချိန်တင်နိုင်ခဲ့ပါတယ်။

နည်းပြဇီဒန်းအတွက်လည်း ရီးရဲလ်အသင်းကို ငါးလကြာ ကိုင်တွယ်ပြီး ချန်ပီယံလိဂ် ရယူပေးနိုင်ခဲ့သလို ကစားသမားဘဝနဲ့ရော နည်းပြ ဘဝနဲ့ပါ ချန်ပီယံလိဂ် ဖလားရဖူးတဲ့ မှတ်တမ်းဝင်သွားခဲ့ပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/152145

1 comment: