မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 14, 2016

ရီးရဲလ်နှင့် ဘာစီ စပိန်လာလီဂါ ဘယ်အသင်း ဗိုလ်စွဲမလဲ – သုံးသပ်ချက်




မေ ၁၄ ရက် ညမှာတော့ စပိန် လာလီဂါ အမှတ်ပေး ဇယားမှာ ဦးဆောင်နေတဲ့ ဘာစီလိုနာနဲ့ ဒုတိယ aနရာက ရီးရဲလ် မက်ဒရစ်တို့ ချန်ပီယံ ဖြစ်ရေး အဆုံး အဖြတ်နဲ့ နောက်ဆုံး ပွဲစဉ်တွေကို ကစား ရတော့မှာ ဖြစ်ပါတယ်။

ဂျာမနီ ဘွန်ဒစ်လီဂါ၊ အီတလီစီးရီးအေ၊ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲတွေကတော့ ချန်ပီယံရတဲ့ အသင်းတွေ ဖလားကို ရယူခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် စပိန်လာလီဂါကတော့ အမှတ်ပေးဇယားထိပ်က ပထမနဲ့ ဒုတိယနေရာက အမှတ် ကွာဟချက် ၁ မှတ်သာ ရှိတဲ့အတွက် ပြိုင်ဆိုင်မှု ပြင်းထန်ဆဲ ဖြစ်ပါတယ်။

အရင်က အက်သလက်တီကို မက်ဒရစ်ကလည်း ပထမနေရာအတွက် ပြိုင်ဆိုင်တဲ့ အသင်းမှာ ပါခဲ့ပေမယ့် အရင်တပတ် လီဗန်တေးကို ရှုံးသွားလို့ ပထမနေရာ မျှော်လင့်ချက်က ပျောက်ဆုံးသွားခဲ့ရပါတယ်။

ဧပြီလ ၁ ရက်အထိ အမှတ်ပေးဇယားမှာ ဒုတိယနေရာက အသင်းနဲ့ ဘာစီလိုနာက ၉ မှတ် ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရှုံးပွဲတွေ ရင်ဆိုင်ရလို့ နိုင်ပွဲတွေဆက်ကာ ဒုတိယနေရာ ရောက်လာတဲ့ ရီးရဲလ်နဲ့ အမှတ်ကွာဟချက်နည်းလာတာ ဖြစ်ပါတယ်။

သမိုင်းအစဉ်အဆက် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်း ၂ ထဲက ဘယ်အသင်း လာလီဂါ ချန်ပီယံ ဖြစ်မလဲဆိုတာကလည်း ပိုစိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ အဆုံးအဖြတ်ပေးမယ့် ၃၈ ပွဲမြောက်ပွဲစဉ်မှာတော့ ဘာစီလိုနာက ဂရန်နာဒါနဲ့ ကစားရမှာ ဖြစ်သလို ရီးရဲလ်ကတော့ ဒီပို့တီပို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီ ၂ သင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ဘောလုံးနဲ့ပတ်သက်တဲ့ အင်တာနက် စာမျက်နှာတွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်ကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

ဘာစီလိုနာ- ဂရန်နာဒါ

ဒီပွဲဟာ ဂရန်နာဒါကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက အမှတ်ပေးဇယားထိပ်မှာ ၃၇ ပွဲကစား ၈၈ မှတ်နဲ့ ဦးဆောင်နေပါတယ်။ ဒုတိယနေရာက ရီးရဲလ်နဲ့ တမှတ်ကွာနေပါတယ်။

ဒီပွဲကို အနိုင်ရခဲ့ရင်တော့ ဘာစီလိုနာက လာလီဂါ ချန်ပီယံဆုကို ဂရန်နာဒါ ကွင်းမှာ ရရှိမှာ ဖြစ်ပါတယ်။

ဒီပွဲမှာတော့ ဘာစီလိုနာက တိုက်စစ်မှူး ၃ ဦးဖြစ်တဲ့ နေမာ၊ ဆွာရက်ဇ်၊ မက်ဆီတို့ကို ပွဲထုတ်ကစားမှာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဆွာရက်ဇ်ကတော့ ၃၇ ဂိုးသွင်းထားပြီး လာလီဂါမှာ ထိပ်တန်း ဂိုးသွင်းရှင်တဦး ဖြစ်နေပါတယ်။ တကယ်လို့ ရော်နယ်ဒိုက ဒီနေ့ကစားမယ့်ပွဲမှာ ၄ ဂိုးထက်ပိုမသွင်းရင်တော့ ဆွာရက်ဇ်က လာလီဂါ ဂိုးသွင်းဘုရင်ဖြစ်မှာ ဖြစ်ပါတယ်။ ၈၅ မိနစ်တိုင်းကို ဂိုးတလုံးနှုန်းသွင်းယူတဲ့ သူလည်း ဖြစ်ပါတယ်။ တခြားကစားသမား ဂိုးသွင်းနိုင်အောင် ၁၆ ကြိမ်လောက် ဖန်တီးကူညီခဲ့ဖူးပါတယ်။

ရှေ့တန်းက နေမာကလည်း ဒီနှစ်ဘောလုံးရာသီမှာ ၂၄ ဂိုးနဲ့ မက်ဆီက ၂၆ ဂိုးသွင်းထားတဲ့အတွက် ဘာစီလိုနာရဲ့ ဂိုးသွင်း စွမ်းရည်ကတော့ ထိပ်တန်းအခြေအနေမှာ ရှိနေပါတယ်။ အလယ်တန်းက ရာကစ်တစ်နဲ့ အင်နီယေစတာတို့ကလည်း ဂိုးသွင်းပေးနိုင်သလို ဖန်တီးတဲ့ အပိုင်းမှာလည်းကောင်းမွန်တာကို တွေ့ရပါတယ်။ နောက်တန်းက ပီကေးနဲ့ မာရှေယာနိုတို့ကလည်း ကစားဖို့ ကြံ့ခိုင်မှု ပြည့်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒါအပြင် ၂၄ ကြိမ်မြောက် လာလီဂါ ဖလားရရင် ဘာစီလိုနာအသင်းသားတွေကတော့ ယူရို ၁၈ သန်းအောက်မလျော့တဲ့ အပိုဆုကြေးကို ရရှိမှာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြကတော့ ဘာစီလိုနာအသင်းသားတွေ ဖိအားကို ရင်ဆိုင်နေကြ ဖြစ်သလို လာလီဂါ ဖလားကို ဂရန်နာဒါကွင်းမှာ ရယူသွားမှာ ဖြစ်ပေမယ့် အနည်းငယ်တော့ ခက်ခဲမယ်လို့ ပြောထားပါတယ်။ ဒဏ်ရာရနေတဲ့ အသင်းသားတွေကိုလည်း ဂရန်နာဒါကို ခေါ်သွားမယ်လို့ ဘာစီလိုနာ ၀က်ဆိုဒ်မှာ ကြေညာထားပါတယ်။

ဂရန်နာဒါကတော့ ၃၇ ပွဲကစား ၃၉ မှတ်နဲ့ တန်းဆင်းဇုန် အထက် အဆင့် ၁၆ မှာ ရောက်ရှိနေပါတယ်။ တန်းဆင်းဇုန်ထဲက အသင်းတွေနဲ့ ၃ မှတ်သာ ကွာဟနေပေမယ့် တန်းဆင်းဇုန် အန္တရာယ်မရှိဘူးလို့ ဆိုပါတယ်။ အသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူး ယူဆတ်အယ်လ်အာရာဗီက ၁၆ ဂိုးသွင်းယူထားပါတယ်။ ဂရန်နာဒါမှာတော့ နာမည်ကြီးကစားသမားတွေ သိပ်မရှိပါဘူး။

ကစားသမားစာရင်းကို ကြည့်ရင်တော့ ဘာစီလိုနာက အသာစီးရထားတာကို တွေ့ရပါတယ်။ နောက်ဆုံးကစားတဲ့ ၅ ပွဲမှာ ဂရန်နာဒါက ၃ ပွဲနိုင် ၂ ပွဲရှုံးထားပါတယ်။ ဘာစီလိုနာကတော့ ၄ ပွဲနိုင် ၁ ပွဲရှုံးထားပါတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း ဘာစီလိုနာနဲ့ ဂရန်နာဒါတို့ ဆုံခဲ့တဲ့ ၄ ပွဲမှာ ဂရန်နာဒါက တပွဲသာ အနိုင်ရထားပြီး ကျန် ၃ ပွဲကတော့ ဘာစီက နိုင်ထားပါတယ်။ မကြာသေးခင် ဇန်န၀ါရီက ကစားတဲ့ ပွဲမှာလည်းဘာစီလိုနာက ၄ ဂိုးပြတ်နဲ့ ဂရန်နာဒါကို အနိုင်ရထားပါတယ်။

ဒါပေမယ့် ၂၀၁၃-၁၄ ဘောလုံးရာသီမှာ ချန်ပီယံဖြစ်နိုင်တဲ့ လမ်းကြောင်းပေါ်ရောက်နေတဲ့ ဘာစီလိုနာက ဂရန်နာဒါကို ၁ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပြီး ချန်ပီယံ အိမ်မက် ပျက်ပြယ်ခဲ့ဖူးပါတယ်။

365 Score မိုဘိုင်းအပလီကေးရှင်းကတော့ ဘာစီလိုနာနိုင်ဖို့ မဲပေးသူ ၅ သောင်းကျော်က ၅၆ ရာခိုင်နှုန်း၊ ၁ သောင်းကတော့ သရေကျဖို့ ၁၇ရာခိုင်နှုန်းနဲ့ ၂ သောင်းကျော်ကတော့ ဂရန်နာဒါနိုင်ဖို့ ၂၇ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။ bet365ကတော့ ဘာစီလိုနာ အနိုင်အတွက် ၁၀ လေး ၁ လေး ပေးထားပြီး ဂရန်ဒါအနိုင်အတွက် ၂၀ လေး ၁ လေးပေးထားကာ သရေကျဖို့ကတော့ ၈ လေး ၁ လေး ပေးထားပါတယ်။

ဒီပို့တီပို့- ရီးရဲလ်မက်ဒရစ်

ဒီပို့တီပို့ ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာတော့ ရီးရဲလ်က ဘာစီလိုနာနဲ့ တမှတ်အကွာ ၈၇ မှတ်နဲ့ ဦးဆောင်နေပြီး တတိယနေရာက အက်သလက်တီကို မက်ဒရစ်နဲ့ ၂ မှတ်ကွာနေပါတယ်။ ရီးရဲလ်ကတော့ ပထမနေရာက ဘာစီလိုနာ ခြေချော်လက်ချော် ဖြစ်ခဲ့ရင် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်ရှိနေတဲ့ အတွက် ဒီပွဲကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။

ရီးရဲလ်အသင်းမှာတော့ ရှေ့တန်းတိုက်စစ်မှူး ရော်နယ်ဒိုက ၃၃ ဂိုးအထိ သွင်းယူထားပါတယ်။ လာလီဂါမှာ ဂိုးအများဆုံးသွင်းထားတဲ့ ဆွာရက်ဇ်ကို မီဖို့ ရော်နယ်ဒိုကလည်း ဂိုးသွင်းဖို့ လိုနေပါတယ်။ ဒီပွဲမှာတော့ ရော်နယ်ဒိုအပါအ၀င် ဂရတ်ဘေး၊ ဘန်ဇီမား၊ မိုဒရစ်၊ ကတ်မီးရို စတဲ့ နာမည်ကြီး ကစားသမားတွေအားလုံးကို ထုတ်သုံးမယ့်လို့ သတင်းတွေက ဆိုပါတယ်။

ရီးရဲလ်နည်းပြ ဇီဒန်းကတော့ တခြားကစားပွဲတွေကို ဂရုစိုက်စရာမလိုဘဲ ကစားပွဲကို အာရုံစိုက်ပြီး အနိုင်ရအောင် ကစားဖို့လိုတယ်လို့ ပြောပါတယ်။ အဆုံးမှာ ဘာဖြစ်မယ်ဆိုတာကို မသိဘူးလို့လည်း သူက ဆိုပါတယ်။

ဒီပို့တီပို့ကတော့ အမှတ်ပေးဇယား နံပါတ် ၁၃ နေရာမှာ ၃၇ ပွဲကစား ၄၂ မှတ်နဲ့ ရပ်တည်နေပါတယ်။ ဒီပို့တီပို့အတွက်တော့ တန်းဆင်းဖို့လည်း ကြောက်စရာမလိုသလို ဥရောပ ပြိုင်ပွဲတွေ ၀င်ခွင့်ရဖို့ ရည်မှန်းလည်း နည်းတဲ့အတွက် ဒီပွဲကိုတော့ သက်တောင့်သက်သာ ကစားသွားနိုင်ပါတယ်။ အိမ်ကွင်း ၁၈ ပွဲမှာ ရမှတ် ၂၀ သာရယူထားနိုင်တဲ့ အတွက် ဒီပို့တီပို့က အိမ်ကွင်းကစားပုံညံ့ဖျင်းတယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်နောက်ပိုင်း ရီးရဲလ်နဲ့ ဒီပို့တီပို့တို့ကစားတဲ့ ၅ ပွဲမှာ ၅ ပွဲစလုံး ရီးရဲလ်က အနိုင်ရထားပါတယ်။ ၂၀၁၄ ခုနှစ်က ကစားတဲ့ပွဲမှာတော့ ရီးရဲလ်က ၈ ဂိုးအထိသွင်းယူခဲ့ဖူးပါတယ်။

Sofa scoreမှာတော့ ရီးရဲလ်က အနိုင်ရဖို့ ၇၅ ရာခိုင်နှုန်းရှိပြီး ဒီပို့တီပို့ အနိုင်ရဖို့က ၁၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ မှန်းပါတယ်။ ဗြိတိန်က Sportmoleမှာတော့ ၂ ဂိုးပြတ်နဲ့ ရီးရဲလ်အနိုင်ရမယ်လို့ မှန်းထားပါတယ်။

ချန်ပီယံဖြစ်ရေး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လာလီဂါမှာ ဘယ်အသင်းချန်ပီယံဖြစ်မလဲဆိုတာကတော့ ဒီနေ့ည စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/149775

No comments:

Post a Comment