မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 28, 2016

ရီးရဲလ် – တီကို ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကြို




တနှစ် ပတ်လုံး အကြိတ် အနယ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲကို မေ ၂၉ ရက် မနက် ၁ နာရီ ၁၅ မှာ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။

ဗိုလ်စွဲတဲ့ အသင်း ကတော့ ဆုကြေးငွေ အဖြစ် ယူရို ၁၅ သန်း ရရှိမှာ ဖြစ်ပြီး ဒုတိယဆု ရတဲ့ အသင်းကတော့ ယူရို ၁၀.၅ သန်း ရရှိမှာ ဖြစ်ပါတယ်။

ဒီနှစ် ကစားမယ့် ဗိုလ်လုပွဲကို ချန်ပီယံလိဂ် ပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့် ရထားတဲ့ ဘီတီစပေါ့က ယူကျူ ကနေ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမှာလည်း ဖြစ်ပါတယ်။

ဗိုလ်လုပွဲကို ရောက်လာတဲ့ ၂ သင်းစလုံးကလည်း ခက်ခက်ခဲခဲ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ပြိုင်ဘက်အသင်းတွေကို ကျော်လွှား ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဒီနှစ် ဗိုလ်လုပွဲမှာတော့ စပိန် လာလီဂါက အက်သလက်တီကို မက်ဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ အီတလီ ဆန်စီရို မီလန်ကွင်းမှာ ထိပ်တိုက် ကစားရမှာ ဖြစ်ပါတယ်။

တနိုင်ငံတည်းက အသင်းတွေဖြစ်လို့ တသင်းရဲ့ အားနည်းချက် အားသာချက်နဲ့ အထာတွေကို တသင်းက ကောင်းကောင်း အကျွမ်းဝင် သိထားကြပါတယ်။

၂၀၁၅ ခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလည်း ဒီ ၂သင်းတွေ့ဆုံခဲ့ဖူးသလို ရီးရဲလ်က ၂ ပွဲပေါင်း ရလဒ် ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

လာလီဂါမှာလည်း ပြိုင်ဘက်တွေဖြစ်သလို ၂၀၁၄ ခုနှစ် ပေါ်တူဂီ လစ္စဘွန်းမှာကျင်းပတဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ရီးရဲလ်က အက်သလက်တီကိုကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့ဖူးတဲ့ သမိုင်းကလည်း ရှိနေပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာ တဖက် ၁ ဂိုးစီသရေကျနေလို့ အချိန်ပိုကစားရာမှာ ၃ ဂိုးဆက်တိုက်သွင်းပြီး ရီးရဲလ်က အနိုင်ရသွားတာ ဖြစ်ပါတယ်။

ဒီတုန်းကတော့ ရီးရဲလ်ရဲ့ နည်းပြက အန်ဆယ်လော့တီဖြစ်ပြီး အက်သလက်တီကို နည်းပြကတော့ ဒီယေဂိုဆီမြွန်နီပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇီဒန်းက ရီးရဲလ်နည်းပြအဖြစ် တာဝန်ယူထားလို့ နည်းပြ အပြောင်းအလဲဖြစ်ခဲ့သလို ၂ သင်းစလုံးက အဓိက ကစားသမားတွေကတော့ ကြီးကြီးမားမား ပြောင်းလဲတာ မရှိသေးပါဘူး။

အသင်း ၂ သင်းရဲ့ ချန်ပီယံလိဂ် သမိုင်းကြောင်း

၁၉၅၅ ခုနှစ်မှာ စတင်ခဲ့ပြီး ၁၉၉၂မှာ နာမည်ပြောင်းကျင်းပတဲ့ ချန်ပီယံလိဂ် သမိုင်းမှာတော့ ရီးရဲလ်က အက်သလက်တီကိုထက်သာနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်သမိုင်းတလျှောက်မှာ ဖလားကို ၁၀ ကြိမ်ရယူထားနိုင်တဲ့ အအောင်မြင်ဆုံး အသင်းတသင်း အဖြစ် ရီးရဲလ်က မှတ်တိုင်ထူထောင်ထားပါတယ်။ ဗိုလ်လုပွဲကို ၁၄ ကြိမ်တိတိ တက်ရောက်ထားနိုင်ပါတယ်။

အက်သလက်တီကိုကတော့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့ဖူးခြင်းမရှိသေးသလို ၁၉၇၄နဲ့ ၂၀၁၄ ခုနှစ်မှာတော့ ဒုတိယသာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကိုတော့ ၃ ကြိမ်မြောက် တက်ရောက်လာတဲ့ အသင်းဖြစ်ပါတယ်။

ကစားသမားတွေနဲ့ပတ်သက်တဲ့ ချန်ပီယံလိဂ်မှတ်တမ်းအရလည်း ရီးရဲလ်ကစားသမားတွေက အက်သလက်တီကိုထက် သာလွန်နေပါတယ်။

၂၀၀၃ ခုနှစ်ကတည်းက ချန်ပီယံလိဂ်မှာ ကစားခဲ့ရီးရဲလ်ကစားသမား ရော်နယ်ဒိုက ၁၂၆ ပွဲမှာ ၉၃ ဂိုးသွင်းယူထားပြီး ချန်ပီယံလိဂ်မှာ ထိပ်တန်း ဂိုးသွင်းရှင် စာရင်းမှာ နံပါတ် ၁ နေရာကနေ ရပ်တည်နေပါတယ်။

ဒါအပြင် ၂၀၀၆ ခုနှစ်က စတင်ပြီး ချန်ပီယံလိဂ်မှာ ကစားတဲ့ ဘန်ဇီမာကလည်း ချန်ပီယံလိဂ်ပွဲ ၈၀ မှာ ၄၆ ဂိုး အထိသွင်းယူပေးထားလို့ ဂိုးသွင်းရှင်စာရင်းမှာ နံပါတ် ၉ နေရာမှာ ရှိနေပါတယ်။

ထိပ်တန်း ဂိုးသွင်းရှင် ၁၀ ဦးစာရင်းမှာတော့ အက်သလက်တီကို ကစားသမား တဦးတယောက်ကိုမှ မတွေ့ခဲ့ရပါဘူး။

၂၀၁၅-၁၆ ချန်ပီယံလိဂ်ပွဲတလျှောက်မှာ ရီးရဲလ်က ၂၇ ဂိုးသွင်းယူခဲ့ပြီး အက်သလက်တီကိုကတော့ ၁၆ ဂိုး သွင်းယူထားပါတယ်။

၂၀၁၅-၁၆ ချန်ပီယံလိဂ် ဖြတ်သန်းမှု

ချန်ပီယံလိဂ်မှာ ဒီ အသင်း ၂ သင်းရဲ့ ဗိုလ်လုပွဲရောက်လာတဲ့ ဖြတ်သန်းမှုကိုကြည့်မယ်ဆိုရင်တော့ ရီးရဲလ်က ဆီမီးဖိုင်နယ်မှာ အင်္ဂလန်က မန်စီးတီးအသင်းကို ၂ ပွဲပေါင်း ရလဒ် ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်လာတာဖြစ်ပါတယ်။

ရီးရဲလ်ဟာ ကွားတားဖိုင်နယ်မှာ ဂျာမနီက ၀ှဖ်ဘတ်ကို ၂ ပွဲပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ၁၆ သင်းရှုံးထွက်အဆင့်မှာတော့ အီတလီက ရိုးမားကို ၂ ပွဲပေါင်းရလဒ် ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အုပ်စုမှာတော့ ရှက်တာဒိုးနပ်စ်၊ မာမို၊ ပီအက်စ်ဂျီအသင်းတွေကို အနိုင်ကစားခဲ့ပါတယ်။

အက်သလက်တီကိုကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၂ ပွဲပေါင်း ရလဒ် ၂ ဂိုးစီသရေကျခဲ့ပေမယ့် အဝေးကွင်း စည်းမျဉ်းနဲ့ ဗိုလ်လုပွဲကို တက်ရောက်လာတာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်မှာတော့ လက်ရှိချန်ပီယံ ဘာစီလိုနာကို ၂ ပွဲပေါင်း ရလဒ် ၃ ဂိုး ၂ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ၁၆ သင်းရှုံးထွက်အဆင့်မှာတော့ ပြင်သစ်က ပီအက်စ်ဂျီကို ၈ ဂိုး ၇ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အုပ်စုပွဲစဉ်မှာလည်း ဘင်ဖီကာ၊ ဂါလာတာစာရေးနဲ့ အက်စတာနာအသင်းတွေကို အနိုင်ကစားခဲ့ပါတယ်။

၂ သင်းထိပ်တိုက် ထိတွေ့မှု

လိဂ်ပြိုင်ပွဲ၊ စပိန် ဖလားနဲ့ ဆူပါကပ်တွေမှာ ဒီအသင်း ၂ သင်း ၂၀၂ ကြိမ်တွေ့ဆုံခဲ့ပါတယ်။ ရီးရဲလ်က ၁၀၂ ပွဲနိုင်ထားပြီး အက်သလက်တီကိုက ၅၁ ပွဲနိုင်ထားပြီး ၄၉ပွဲက သရေကျထားပါတယ်။

ဒီနှစ် လာလီဂါ ပွဲစဉ်မှာတော့ တီကိုရဲ့ကွင်းမှာ အက်သလက်တီကိုနဲ့ ရီးရဲလ်တို့ ၁ ဂိုးစီသရေကျခဲ့သလို ဘာနေဗျူးမှာတော့ အက်သလက်တီကိုက ၁ ဂိုးဂိုးမရှိနဲ့ နိုင်ထားပါတယ်။ ဇီဒန်းရဲ့ ရီးရဲလ် နည်းပြ တာဝန်ယူပြီး ပထမဆုံး ရှုံးပွဲလည်း ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေလူစာရင်း

ရီးရဲလ်အသင်းက အလယ်နောက်ခံလူ ရာဖေးလ် ဗာရန်နီကတော့ ဒဏ်ရာကြောင့် ဗိုလ်လုပွဲကို လွဲချော်မယ်လို့ အစောပိုင်းက သတင်းတွေမှာ ဖော်ပြပါတယ်။

ရီးရဲလ်အသင်းမှာတော့ ရော်နယ်ဒိုက ဒီနှစ်ချန်ပီယံလိဂ် ၁၁ ပွဲကစားပြီး ၁၆ ဂိုး၊ ဘန်ဇီးမားကတော့ ၈ ပွဲကစား ၄ ဂိုး သွင်းယူထားပါတယ်။

ရော်နယ်ဒို ဂိုးသွင်းနိုင်ခြင်းရှိမရှိကိုလည်း စောင့်ကြည့်နေသလို လောင်းကြေးထပ်တာတွေလည်း ရှိနေပါတယ်။

ဂရတ်ဘေးနဲ့ ဘန်ဇီမာတို့ဟာ တဖက်အသင်းက သတိထားရပြီး အန္တရယ်ရှိတဲ့ ကစားသမားတွေလို့လည်း ဆိုပါတယ်။

အက်သလက်တီကိုက ၁၂ ပွဲကစားပြီး ၇ ဂိုး သွင်းယူထားတဲ့ ဂတ်စ်မန်းကတော့ စောင့်ကြည့်ရမယ့် ကစားသမားတဦးလို့လည်း ဘောလုံးကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒါအပြင် အက်သလက်တီကို တော့ရက်စ်၊ နစ်ဂွတ်ဇ်၊ လူးကပ်စ် ဗင်ကွတ်တို့ကလည်း သတိထားရမှာ ဖြစ်ပါတယ်။

နည်းပြတွေရဲ့ ပြောစကား

ရီးရဲလ်နည်းပြ ဇီဒန်းကတော့ ဒါဟာ ခက်ခဲတဲ့ပွဲတပွဲဖြစ်မယ်ဆိုတာ သေချာပေမယ့် ဒါကို သိပြီး ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ပြင်ဆင်ဖို့ ၂ ပတ်အချိန်ရသလို အခုတော့ ဘောလုံးသမားတွေက ကစားဖို့ အသင်းဖြစ်နေပြီလို့ ဆိုပါတယ်။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီကတော့ ဗိုလ်လုပွဲကစားရတာဟာ အရမ်းကို ထူးကဲသလို အနိုင်ရရင်တော့ အတိုင်းအထက်အလွန်ပဲလို့ ပြောပါတယ်။ နှစ်ပေါင်း ၁၁၃ နှစ်သမိုင်းကို ကျောပေါ် တင်ထားရတာကို ကြိုက်နှစ်သက်သလို ဖိအားကို ကြိုက်ပြီး အနိုင်ကသာ စိတ်ကျေနပ်မယ်လို့ သူက ပြောပါတယ်။

ဝက်ဆိုဒ်နဲ့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်

ဗိုလ်လုပွဲနဲ့ပတ်သက်ပြီး ၀က်ဆိုဒ်နဲ့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို တင်ပြရမယ်ဆိုရင်တော့ အင်္ဂလန် ကစားသမားဟောင်း မိုက်ကယ်အိုဝင်ကတော့ အက်သလက်တီကိုက ရီးရဲလ်ကို သမိုင်းကြွေး ချေသွားမယ်လို့ ခန့်မှန်းပါတယ်။

စပိန်လာလီဂါဘောလုံး ကျွမ်းကျင်သူနဲ့ အားကစားသတင်းထောက် တွေထဲက ဂျွန်ဒရစ်ကိုးကတော့ ရီးရဲလ်မက်ဒရစ်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမယ့်ကျန်တဲ့ လာလီဂါကျွမ်းကျင်တဲ့ ဂီယန်ဘာလာဂီး၊ တယ်ရီဂစ်ဆန်၊ ဂရေဟမ်ဟန်တာ၊ ရော့ပလန်မာတို့ကတော့ အက်သလက်တီကိုကို ရွေးချယ်ထားပါတယ်။

မဲပေးသူတွေကို စစ်တမ်းကောက်ထားတဲ့ Sofa Score မှာတော့ အက်သလက်တီကို နိုင်ဖို့ ၃၆ ရာခိုင်နှုန်း၊ ရီးရဲလ်နိုင်ဖို့ ၅၅ ရာခိုင်နှုန်းနဲ့ သရေကျဖို့ကတော့ ၉ ရာခိုင်နှုန်းလို့ ခန့်မှန်းပါတယ်။

ဒါပေမယ့်လည်း ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ခြေတွေ ရှိနေတာကြောင့် ၂၀၁၄ ခုနှစ် လစ္စဘွန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရှုံးကြွေးကို အက်သလက်တီကိုက ဆပ်သွားမလား။ ရီးရဲလ်ကပဲ ကြွေးသစ် ထပ်ချမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Originally published at -

No comments:

Post a Comment