ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်က လက်ထောက် အထွေထွေ အတွင်း ရေးမှူးချုပ် မာကက်စ် ကတ်နာကို တာဝန်ကနေ ချက်ချင်း ထွက်ဖို့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
ဘောလုံး အဖွဲ့ချုပ် အတွင်းမှာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး လက်ထောက် အထွေထွေ အတွင်းရေးမှူး ချုပ်ဟာ အလုပ် စာချုပ်ပါ တာဝန် ၀တ္တရားတွေကို ပျက်ကွက် တယ်ဆိုပြီး ကြေညာချက်မှာ ဖော်ပြ ပါတယ်။
နောက်ထပ် အသေးစိတ် အချက် အလက်တွေကို ထုတ်ပြန် သွားမှာ မဟုတ်ဘဲ သက်ဆိုင်ရာ အာဏာ ပိုင်တွေနဲ့ပဲ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ဖီဖာရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
အခုအထိတော့ ကတ်နာကို ရာဇ၀တ်မှုနဲ့ တရားစွဲ ထားတာ မရှိသေးပါဘူး။
ဖီဖာအဖွဲ့ချုပ်ဟာ မနှစ်ကနေ အခုအထိ ငွေကြေးအရှုပ်တော်ပုံရဲ့ နောက်ဆက်တွဲ ဂယက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဖီဖာ ဗဟိုကော်မတီဝင်ဟောင်းတွေ အပါအ၀င် အရင်က ဖီဖာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိဟောင်းတွေ အတော်များများ အမေရိကန်ပြည်ထောင်စုမှာ အမှုရင်ဆိုင်နေရပြီး အခုအထိ ၁၅ ဦးနဲ့ အဖွဲ့အစည်း ၂ ခုက အပြစ်ရှိကြောင်း ဖြောင့်ချက်ပေးထားပါတယ်။
ကတ်နာဟာ ဖီဖာအဖွဲ့ရဲ့ ယာယီ အထွေထွေအတွင်းရေးမှူး တာဝန်ကို စက်တင်ဘာကနေ ဒီလဆန်းပိုင်းအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ် ကတ်နာဟာ ဂျာမန်နဲ့ ဆွစ်နိုင်ငံသားဖြစ်ပြီး ဖီဖာ ဘဏ္ဍာရေး ညွှန်ကြားရေးမှူးအဖြစ် ၂၀၀၃ ခုနှစ်ကစလို့ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ထောက် အထွေထွေအတွင်းရေးမှူး တာဝန်ကို လေးနှစ် ထမ်းဆောင်ခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/151315
No comments:
Post a Comment