
ယမန်နေ့ ည ကစား ခဲ့တဲ့ ချန်ပီယံ လိဂ်မှာ ပွဲစဉ်မှာ လက်စတာ အသင်း ရှုံးနိမ့် သွားခဲ့ ပေမယ့် တိုက်စစ်မှူး ဗာဒီက အသင်း အတွက် အဖိုးတန် အဝေးဂိုး တစ်ဂိုး ရယူပေးနိုင် ခဲ့ပါတယ်။
ပွဲမစခင်တုန်းက လက်စတာ နည်းပြ ရေနီယာရီ ပြောထား ခဲ့သလို ဒီပွဲစဉ်ဟာ လက်စတာကို နိုးထစေခဲ့တဲ့ ပွဲစဉ်မဟုတ် ခဲ့ပေမယ့် ဗာဒီရဲ့အဝေးဂိုး ကတော့ လက်စတာ အသင်းနောက်ထပ် ကွာတားဖိုင်နယ်ကိုတက်ရောက်ဖို့ မျှော်လင့်ချက် တစ်စုံတစ်ရာ ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ စပိန်အသင်းဆီဗီးလ်က သိသိသာသာကို လက်စတာအသင်းထက် ပိုမိုသာလွန်ခဲ့ပါတယ်။ အထူးသဖြင့်တိုက်စစ်ဆင်မှုအပိုင်းမှာဖြစ်ခဲ့ပြီး ဆီဗီးလ်အသင်းက အကောင်းဆုံးတိုက်စစ်ဟာ အကောင်းဆုံးခံစစ်ဆိုတာကို သက်သေပြသွားနိုင်ခဲ့ပါတယ်။
ပွဲချန် ၁၄ မိနစ်မှာ လက်စတာအသင်းခေါင်းဆောင် မော်ဂန်ကပြိုင်ဘက်ကို ဂိုးဧရိယာထဲမှာ အဖျက်ကြမ်းခဲ့လို့ ပင်နယ်တီပေးခဲ့ရပါတယ်။ ဒါပေမယ့် ဒီပင်နယ်တီကို ဂိုးသမားရှမိုက်ကယ် ကာကွယ်သွားနိုင်ခဲ့တာတွေ့ရပါတယ်။
ဒီနေ့ပွဲမှာ လက်စတာအသင်းဘက်က အတည်ငြိမ်ဆုံးကစားသမားဟာ ဂိုးသမားရှမိုက်ကယ် ဖြစ်ခဲ့ပါတယ်။ ဆီဗီးလ်အသင်းရဲ့ ဂိုးပေါက်ကန်ချက်များစွာကို ကာကွယ်နိုင် ခဲ့သူဖြစ်ပြီး အဲဒီအထဲမှာ ပင်နယ်တီတစ်လုံးလည်းပါဝင်ခဲ့ပါတယ်။ ရှမိုက်ကယ်ကြောင့်သာ ဆီဗီးလ်အသင်းဟာ ဒီနေ့ပွဲမှာ နှစ်ဂိုးနဲ့ ကျေနပ်လိုက်ရတာဖြစ်ပါတယ်။
ပွဲချိန် ၂၅ မိနစ်မှာ ဘယ်ခြမ်းက ဖြတ်တင်ဘောကို ဆီဗီးလ်အသင်းတိုက်စစ်မှူး ဆာရာဘီးယားက အမှတ်မထင် ခေါင်းတိုက်သွင်းယူလိုက်တာဖြစ်ပါတယ်။ ဘောလုံးဟာ လက်စတာဂိုးသမား ရှမိုက်ကယ်လက်လှမ်းမမီတဲ့ ညာဘက်ထောင်ထဲကို ဝင်သွားခဲ့လို့ ဘာမှမတက်နိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းပွဲချိန် ၆၂ မိနစ်မှာ အိမ်ရှင်ဆီဗီးလ်အသင်း ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ဆီဗီးလ်အသင်းတိုက်စစ်က လက်စတာဂိုးဧရိယာထဲ ဆွဲဝင်လာပြီး နောက်က တက်လာတဲ့ ကော်ရီယာအတွက် ချပေးလိုက်တဲ့ဘောလုံးကို ကော်ရီယာက အမှားအယွင်းမရှိကန်သွင်းယူလိုက်တာဖြစ်ပါတယ်။ ဒီဂိုးဟာလည်း လက်စတာ ခံစစ်ရဲ့ ပေါ့လျော့မှုကြောင့် ပေးခဲ့ရတဲ့ ဂိုးဖြစ်ပါတယ်။
လက်စတာအတွက် အသက်ရှုချောင်စရာတစ်ခုက ပွဲချိန် ၇၃ မိနစ်မှာ ဒရင့်ခ်ဝါးတားရဲ့ ဘောလုံးပေးပို့မှုကို တိုက်စစ်မှူး ဗာဒီက နေရာယူမှန်မှန်နဲ့ ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ နိုင်ပွဲမရခဲ့ပေမယ့် ဗာဒီရဲ့အဝေးဂိုးဟာ လက်စတာအတွက် တန်ဖိုးရှိတဲ့ဂိုးဖြစ်ခဲ့ပါတယ်။
ဒီရှုံးပွဲဟာ လက်စတာအသင်းအတွက် ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲလည်း ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေအတွင်းမှာ လက်စတာက လေးပွဲနိုင်ပြီး
နှစ်ပွဲသရေရအောင်ကစားနိုင်ခဲ့တာပါ။
တစ်ဖက်က ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း ဂျူဗင်တပ်အသင်းက အဝေးကွင်းမှာ ပေါ်တိုကို နှစ်ဂိုးပြတ်တဲ့အထိ အနိုင်ယူကစားနိုင်ခဲ့ပါတယ။် အိမ်ရှင် ပေါ်တိုအသင်းဟာ ပွဲချိန် ၂၇ မိနစ်မှာတင် အသင်းကစားသမား တဲလ်လက်စ်အနီကတ်နဲ့ ထွက်သွားခဲ့ရလို့ စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်ကို ဘယ်လိုမှမယှဉ်နိုင်ဖြစ်သွားခဲ့ပါတယ်။
အိမ်ကွင်းမှာတင် နှစ်ဂိုးပေးပြီး ရှုံးသွားတဲ့ ပေါ်တူဂီကလပ်ပေါ်တိုအသင်းဟာ နောက်တဆင့်တက်ဖို့ မလွယ်ကူတော့ပါဘူး။
Source : Flashscore
From : Duwun by KK
Originally published at - http://www.duwun.com.mm/sports/international/-id6267096.html






No comments:
Post a Comment