Thursday, March 9, 2017
ဘာစီလိုနာက ပီအက်စ်ဂျီကို နိုင်ပြီး ချန်ပီယံလိဂ် ကွာတားတက် (ရုပ်သံဟိုက်လိုက်)
ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ မတ်လ ၈ ရက်ညက ယှဉ်ပြိုင်ရာ ဘာစီလိုနာက ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရ သွားပါတယ်။
ပထမ အကျော့ ပီအက်စ်ဂျီ ကွင်းမှာ ယှဉ်ပြိုင် ခဲ့တုန်းက ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အတွက် ဘာစီလိုနာ နောက်တဆင့် တက်ဖို့ မျှော်လင့်ချက် မှေးမှိန် ခဲ့ရတာပါ။
ဒါပေမယ့်လည်း ဘာစီလိုနာဟာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ တိုက်စစ် အတွဲ အပါ အဝင် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက် လာခဲ့ပြီး ပီအက်စ်ဂျီ အသင်း အပေါ် ဘောလုံး ပိုင်ဆိုင်မှု အသာ ဂိုးကန်သွင်းခွင့် အသာစီးနဲ့ ကစားနိုင် ခဲ့တာပါ။
ဘာစီလိုနာအတွက် အဖွင့်ဂိုးကို ပွဲအစ ၃ မိနစ်မှာ တိုက်စစ်မှူး ဆွာရက်ဇ်က သွင်းယူပေး ခဲ့ပါတယ်။
ဒီ့နောက် ပွဲချိန် မိနစ် ၄၀ မှာ ပီအက်စ်ဂျီ ကစားသမား ကူအာဇာဝါ ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ပထမပိုင်းမှာ ဘာစီလိုနာက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ငါးဂိုးပြတ်နိုင်မှ နောက်တဆင့်တက်နိုင်မှာမို့ ဘာစီလိုနာအသင်းဟာ ပွဲချိန် တလျှောက်လုံးနီးပါး ထိုးဖောက်တိုက်စစ်ဆင် ကစားသွားခဲ့ပါတယ်။
ဒီ့နောက် ပွဲချိန် မိနစ် ၅၀ မှာ မက်ဆီက ပယ်နယ်တီမှတဆင့် ဘာစီလိုနာအတွက် တတိယဂိုး သွင်းယူခဲ့ပေမယ့် ၆၂ မိနစ်မှာ ကာဗာနီက ပီအက်စ်ဂျီ အတွက် ချေပဂိုး တဂိုး ပြန်သွင်းခဲ့လို့ ဘာစီလိုနာ ပရိသတ်တွေ မျှော်လင့်ချက် မဲ့သလို ဖြစ်ခဲ့ ရပါတယ်။
ဒါပေမယ့်လည်း ပွဲချိန် ၈၈ မိနစ်နဲ့ နာကျင်အချိန်ပို တမိနစ်မှာ ဘာစီလိုနာ တိုက်စစ်မှူး နေမာက နှစ်ဂိုးဆက်သွင်းနိုင်ခဲ့သလို ပွဲပြီးခါနီးမှာ လူစားဝင် ကစားသမား ဆာဂျီက အပိတ်ဂိုးသွင်းယူခဲ့ပြီး ဘာစီလိုနာက ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး ၅ ဂိုးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားပါတယ်။
ဒီပွဲမှာ ဘာစီလိုနာအတွက် ၂ ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး နေမာကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/193762
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment