
ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၆ ဘောလုံးပွဲ အုပ်စု က တတိယ ပွဲစဉ် အဖြစ် မြန်မာယူ - ၁၆ နဲ့ ဗီယက်နမ် ယူ - ၁၆ တို့ ဇူလိုင် ၁၄ ရက် ညနေက ယှဉ်ပြိုင်ရာ ဗီယက်နမ် ယူ-၁၆ အသင်းက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲရဲ့ အဖွင့်ဂိုးကို မြန်မာ အသင်းက ရရှိခဲ့ပြီး ပွဲချိန် ၁၄ မိနစ်မှာ ထက်ဖြိုးဝေက ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်းပြီး ရယူပေး ခဲ့တာပါ။
ဗီယက်နမ် အသင်းဟာ ဂိုးပေး လိုက်ရပေမယ့် ကစားပုံ ပျက်မသွားဘဲ လျှင်လျှင်မြန်မြန် တိုက်စစ်ဆင် ကစားပြီး ပထမပိုင်းမှာ ၂ ဂိုး၊ ဒုတိယပိုင်းမှာ ၃ ဂိုး သွင်းယူ သွားခဲ့ ပါတယ်။
အုပ်စု က အခြား ပွဲစဉ်တွေ မှာတော့ သြစတြေးလျက ဖိလစ်ပိုင်ကို ၇ ဂိုး ဂိုးမရှိ၊ မလေးရှားက စင်ကာပူကို ၂ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရ သွားပါတယ်။
ဒီအုပ်စုမှာ ၃ ပွဲစီ ကစားအပြီးမှာတော့ ဗီယက်နမ်က သုံးပွဲစလုံး အနိုင်ရပြီး ရမှတ် ၉ မှတ်နဲ့ အုပ်စု ပထမ နေရာကို ဦးဆောင်ထားနိုင် သလို နောက်တဆင့်ကို တက်ရောက် ဖို့လည်း အလားအလာ ကောင်းနေပါတယ်။
မြန်မာ၊ သြစတြေးလျနဲ့ မလေးရှားတို့က ၄ မှတ်စီ၊ စင်ကာပူက ၃ မှတ်နဲ့ ဖိလစ်ပိုင်က ၁ မှတ် အသီးသီး ရရှိထားပါတယ်။
အုပ်စုက စတုတ္ထပွဲစဉ် အဖြစ် လာမယ့် ဇူလိုင် ၁၆ ရက်နေ့မှာ မြန်မာနဲ့ မလေးရှား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်၊ သြစတြေးလျနဲ့ စင်ကာပူတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/159203

No comments:
Post a Comment