ဖေဖော်ဝါရီ ၁၄ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်က ချန်ပီယံဖြစ်ဖို့ ရေပန်း စားလာတဲ့ လက်ဆက်စတာ စီးတီး အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
လက်ဆက် စတာဟာ အမှတ်ပေး ဇယားမှာ ဦးဆောင်နေပြီး ခြေစွမ်း တက်နေတဲ့ အသင်းဖြစ်လို့ အသင်းကြီးတွေကို ယှဉ်ကစားနိုင် ခဲ့ပါတယ်။
အာဆင်နယ်အသင်း ပွဲအစမှာ တဘက်အသင်းဘက်ကို ဖိအားပေး ကစားနိုင်ပေမယ့် ထိထိရောက်ရောက် ကန်သွင်းခွင့်တော့ မရခဲ့ပါဘူး။
လက်ဆက်စတာအတွက် ဦးဆောင်ဂိုးကို တဘက်နောက်တန်းလူရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီကနေ ရသွားတာပါ။ အဲဒီပင်နယ်တီကို တိုက်စစ်မှူး ဗာဒီက သွင်းယူပါတယ်။
လက်ဆက်စတာက အာဆင်နယ်ဘက်ကို တွန်းတွန်းတိုက်တိုက် ကစားသွားပြီး တန်ပြန်တိုက်စစ်တွေကနေ တောက်လျှောက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၅၄ မိနစ်မှာ လက်ဆက်စတာ ကစားသမား ဖျက်တာ ကြမ်းလို့ ၂ ၀ါ ၁ နီနဲ့ အထုတ်ခံလိုက်ရပါတယ်။
အဲဒီနောက်ပိုင်းမှာ အာဆင်နယ်က တဘက်သတ် ဖိအားပေး ကစားသွားပြီး လက်ဆက်စတာ နောက်တန်းနဲ့ ဂိုးသမား ကာကွယ်နိုင်လို့ ဂိုးတွေ မပေးရတာ ဖြစ်ပါတယ်။
အာဆင်နယ်အတွက် ချေပဂိုးကို မိနစ် ၇၀ မှာ လူစားဝင်လာတဲ့ ၀ါးကော့က သွင်းယူပါတယ်။
၁ ဂိုးစီသရေနဲ့ အဆုံးသတ်တော့မလို ဖြစ်နေတုန်းမှာ အာဆင်နယ်အတွက် အနိုင်ဂိုးကို အချိန်ပို နောက်ဆုံးမိနစ်မှာ ၀ဲလ်ဘက်က သွင်းယူပြီး အနိုင်ရသွားပါတယ်။
ဒီပွဲမှာ လက်ဆက်စတာဂိုးသမား ကာစပါ ရှမိုက်ကယ် လက်စွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
ဒီပွဲနိုင်လို့ အာဆင်နယ်က အမှတ်ပေးဇယားထိပ်က လက်ဆက်စတာရဲ့နောက်မှာ ၂ မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/135370
No comments:
Post a Comment