လိဂ်-၂ ပွဲစဉ် ၇ ၌ မောရ၀တီနှင့် နေပြည်တော် အသင်းတို့ ယှဉ်ပြိုင် နေကြစဉ် (ဓာတ်ပုံ - ရွှေဘုတ်)
မတ် ၃ ၊ ရန်ကုန်
ပြီးခဲ့သည့် ဘောလုံး ရာသီက လိဂ်-၁ မှ တန်းဆင်း ခဲ့ရသော နေပြည်တော် အသင်းနှင့် မနောမြေ အသင်းတို့သည် မြန်မာ နေရှင်နယ်လိဂ်-၂ ပွဲစဉ် (၇) ပွဲစဉ်၌ ပထမဆုံး ရှုံးပွဲများ ကြုံတွေ့ခဲ့ ရသည်။
အဆိုပါ ပွဲစဉ် (၇) တွင် နေပြည်တော် အသင်းက မောရ၀တီ အသင်းကို ၂-၁ ဖြင့် ရှုံးနိမ့် ခဲ့သလို မနောမြေ အသင်းကလည်း အသင်းသစ် မဟာ ယူနိုက်တက်အသင်းကို ၁-၂ ဖြင့် ရှုံးနိမ့် ခဲ့ကြသည်။
မောရ၀တီ အသင်းသည် ယင်းနိုင်ပွဲကြောင့် ဒုတိယ နေရာမှ မနောမြေ အသင်းကို နှစ်မှတ်ဖြတ်ကာ အမှတ်ပေး ဇယား ထိပ်ဆုံး နေရာသို့ တက်လှမ်း နိုင်ခဲ့သည်။
အခြားပွဲစဉ် များတွင် မြ၀တီ အသင်းက ဖုန်ဂန် အသင်းကို ၄-၁ ၊ GFA အသင်းက ငွေကြယ်ပွင့်လေးများ အသင်းကို ၃-၁ ၊ စီးတီးစတား အသင်းက ဒဂုံ အသင်းကို ၂-၁ ၊ တက္ကသိုလ် လက်ရွေးစင် အသင်းက သန်လျင် အသင်းကို ၂-၀ တို့ဖြင့် အသီးသီး အနိုင် ရရှိခဲ့ ကြသည်။
ယခုနှစ် ၂၀၁၆ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်-၂ ၌ အသင်းသစ် သုံးသင်း ထပ်မံပါဝင်လာကာ စုစုပေါင်း အသင်း ၁၂ သင်းဖြင့် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခဲ့သည်။ ထို့ပြင် လာမည့် ဇူလိုင်လတွင် လိဂ်-၃ (အပျော်တမ်းလိဂ်) ပြိုင်ပွဲ ထပ်မံတိုးမြှင့် ကျင်းပမည့်အပြင် တန်းတက် တန်းဆင်းစနစ်ကိုလည်း စတင်ကျင့်သုံးသွားမည် ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် ခုနစ်ပွဲကစားပြီးချိန်တွင် မောရ၀တီအသင်းက ခြောက်ပွဲနိုင် တစ်ပွဲရှုံး ရမှတ် ၁၈ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိပြီး မနောမြေအသင်းက ၁၆ မှတ် ဂိုးကွာခြားချက်အသာဖြင့် ဒုတိယ နေပြည်တော်အသင်းက ၁၆ မှတ် ဖြင့် တတိယနေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။
မဇ္ဈိမသတင်း by mizzima
Originally published at - http://mizzimaburmese.com/article/11900
No comments:
Post a Comment