မတ် ၂၄၊ မန်ချက်စတာ။ ။ ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါသည် ယခုနှစ်တွင်ရှစ်ပတ်နားခဲ့ရသော ဒူးဒဏ်ရာမျိုးထပ်မံရရှိခဲ့သောကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း၏ လက်ကျန်ပွဲအများစုကို လွဲချော်ဖွယ်ရှိနေသည်။
အသက် ၃၁ နှစ်အရွယ်ရှိ ဂျာမနီအသင်းခေါင်းဆောင်သည် စနေနေ့တွင် ဘာလင်၌ အင်္ဂလန်အသင်းနှင့်ကစားမည့် ခြေစမ်းပွဲအတွက် လေ့ကျင့်ခန်းဆင်းနေစဉ် ဗုဒ္ဓဟူးနေ့တွင် ဒူးအရွတ်ဒဏ်ရာ ရသွားခြင်းဖြစ်သည်။
မြူးနစ်သို့သွားရောက်ပြီး ဒဏ်ရာကိုစစ်ဆေးခဲ့ရာတွင် အရွတ်အနည်းငယ်စုတ်သွားကြောင်း တွေ့ရှိခဲ့ရသည်။ စတိုင်ဂါသည် ဇန်နဝါရီအတွင်း ရှက်ဖီးယူနိုက်တက်နှင့်ကစားသည့် အက်ဖ်အေဖလားတွင် အလားတူဒဏ်ရာမျိုးရခဲ့၍ အနားယူခဲ့ရပြီးမှ ပြန်ကောင်းလာသည်မှ မကြာသေးသူ ဖြစ်သည်။
"ဒူးအရွတ် ထပ်ထိတာပါ။ သူဘယ်လောက်နားရမလဲဆိုတာ အတိအကျတော့အပြောတတ်ပါဘူး။ ဒါပေမဲ့ အခြေအနေအရမ်းကြီးတော့ ကောင်းပုံမရဘူး။ လေ့ကျင့်ခန်း အစီအစဉ်ပြီးကာနီးမှာ ထိသွားတာဖြစ်ပြီး မြူးနစ်ကိုသွားပြီး ပြခဲ့ရတယ်"ဟု ဂျာမနီနည်းပြ ဂျိုအာချင်လိုးက ပြောသည်။
ယူနိုက်တက်အသင်းမှာ ယခုနှစ်ဘောလုံးရာသီတစ်လျှောက်လုံး ဒဏ်ရာပြဿနာများကြောင့် အခက်ကြုံခဲ့ရသည်။ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ကြိုးစားနေသော ယူနိုက်တက်အသင်းအနေဖြင့် ရာသီကုန်ထိကစားရန် ရှစ်ပွဲကျန်နေသေးသည်။
Ref; Dailymail
မဇ္ဈိမသတင်း by ဝေဘုန်းလူ
Originally published at - http://mizzimaburmese.com/article/12712
No comments:
Post a Comment