
မေ ၁၀၊ လန်ဒန်
ချယ်လ်ဆီး အသင်း ခေါင်းဆောင် ဂျွန်တယ်ရီက လန်ဒန် အခြေစိုက် အသင်းတွင် ဆက်လက် ကစား လိုသေးကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။
အသက် ၃၅ နှစ်အရွယ်ရှိပြီ ဖြစ်သည့် တယ်ရီ၏ စာချုပ်သက်တမ်းမှာ ယခုနှစ်ရာသီအကုန်တွင် ကုန်ဆုံးနေပြီဖြစ်သော်လည်း ချယ်လ်ဆီးအသင်းဘက်က ယခုအချိန်အထိ စာချုပ်သစ်အတွက် ကမ်းလှမ်းမှု မရှိသေးပေ။
ဆန်းဒါးလန်းအသင်းကို ၃-၂ ဂိုးဖြင့် ရှုံးခဲ့သည့်ပွဲစဉ်တွင် တယ်ရီသည် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည့်အတွက် နှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံထားရသည်။ ထို့ကြောင့် စာချုပ်သစ်သာ ဆက်မချုပ်ခဲ့ပါက ထိုပွဲသည် တယ်ရီ၏ ချယ်လ်ဆီးကစားသမားဘ၀ နောက်ဆုံးပွဲပင် ဖြစ်သည်။
သို့သော် တယ်ရီက 'ကျွန်တော် နောက်၂ နှစ်လောက် ဘောလုံးထပ်ကစားလိုပါသေးတယ်။ ချယ်လ်ဆီးမှာ ဆက်ကစားခွင့် ရမယ်လို့လည်း မျှော်လင့်ပါတယ်။
ကျွန်တော်က ချယ်လ်ဆီးကစားသမားတစ်ယောက်ပါ။ ဒီအသင်းမှာ ၁၄ နှစ်သားကတည်းက ကစားလာခဲ့တာပါ။ ချယ်လ်ဆီးကို ကျွန်တော်ချစ်ပါတယ်' ဟု ပြောဆိုခဲ့သည်။
တယ်ရီသည် ချယ်လ်ဆီးနှင့်အတူ ပီရီးမီးယားလိဂ်ဖလား လေးကြိမ်၊ အက်ဖ်အေဖလား ငါးကြိမ်၊ လိဂ်ဖလား သုံးကြိမ်နှင့် ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားများ ရယူနိုင်ခဲ့သူ ဖြစ်သည်။
ရည်ညွှန်း ဒေးလီးမေးလ်
မဇ္ဈိမသတင်း by - အောင်ငြိမ်းသွေး
Originally published at - http://mizzimaburmese.com/article/14025





No comments:
Post a Comment