Tuesday, May 10, 2016
အသက် ၃၇ နှစ် အရွယ်ရှိ ချယ်လ်ဆီး တိုက်စစ်မှူးဟောင်း ဂတ်ဂျွန်ဆင်ကို ယူရိုပြိုင်ပွဲ ၀င်မည့် အိုက်စလန် အသင်းတွင် ရွေးချယ်
မေ ၁၀၊ အိုက်စလန်
ယူရို ၂၀၁၆ ပြိုင်ပွဲ ၀င်ခွင့် ရရှိ ထားသည့် အိုက်စလန် အသင်းသည် ပြိုင်ပွဲ ၀င်မည့် ကစားသမား စာရင်းတွင် အသက် ၃၇ နှစ် အရွယ်ရှိ ချယ်လ်ဆီး တိုက်စစ်မှူးဟောင်း ဂတ်ဂျွန်ဆင်ကို ထည့်သွင်း ရွေးချယ် လိုက်သည်။
ဂတ်ဂျွန်ဆင်သည် ဘာစီလိုနာ၊ ဘော်လ်တန်၊ စတုခ်စီးတီးနှင့် ဖူလ်ဟမ်အသင်းတို့တွင်လည်း ကစားခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိတွင် နော်ဝေကလပ် မိုလ်ဒီအသင်း၌ ကစားနေသူ ဖြစ်သည်။ တရုတ်စူပါလိဂ်ကလပ် Shijiazhuang Ever Bright အသင်းနှင့် ၂၀၁၅ နိုဝင်ဘာက စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် မိုလ်ဒီသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
အိုက်စလန်အသင်း၏ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်သည့် လာဂါဘတ်က ဂတ်ဂျွန်ဆင်အနေဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီလကသာ အသင်းသစ်မတွေ့ခဲ့ပါက ယူရိုပြိုင်ပွဲဝင်မည့်အသင်းတွင် ရွေးချယ်ခံရမည် မဟုတ်ဟု ဆိုခဲ့သည်။
ဂတ်ဂျွန်ဆင်သည် အိုက်စလန်အသင်းအတွက် ၈၄ ပွဲ ကစားကာ ၂၅ ဂိုးသွင်းယူပေးထားသူဖြစ်ပြီး မိခင်နိုင်ငံတွင် ထင်ပေါ်ကျော်ကြားသူ တစ်ဦးဖြစ်သည်။ အသက် ၁၇ နှစ်ကျော်အရွယ်ကတည်းက လက်ရွေးစင် ဖြစ်ခဲ့သူလည်း ဖြစ်သည်။ ချယ်လ်ဆီးနှင့် ပရီးမီးယားလိဂ်ဖလား၊ ဘာစီလိုနာနှင့် ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလားများ ရရှိခဲ့ဖူးသူ ဖြစ်သည်။
၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွင် ခရိုအေးရှားကိုရှုံးနိမ့်ခဲ့သည့် ပွဲအပြီး ၂၀၁၃ နိုဝင်ဘာတွင် နိုင်ငံလက်ရွေးစင်အဖြစ်မှ အနားယူခဲ့သူ ဖြစ်သည်။ ထို့နောက် ၂၀၁၅ မတ်လတွင် ပြန်လည်ခေါ်ယူခံခဲ့ရသည်။
ပြီးခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်တွင် သုံးပွဲပါဝင်ကစားပေးခဲ့ကာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး အိုက်စလန်နိုင်ငံ၏သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲဝင်ခွင့်ရရှိအောင် တစ်ထောင့်တစ်နေရာမှ ကူညီပေးနိုင်ခဲ့သည်။
ရည်ညွှန်း ဘီဘီစီ
မဇ္ဈိမသတင်း by - အောင်ငြိမ်းသွေး
Originally published at - http://mizzimaburmese.com/article/14027
Labels:
ဘောလုံးအသင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment