မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, July 25, 2016

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ဂျာမနီတွင် သွားရောက် လေ့ကျင့်မည်




မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းဟာ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ဆူဇူကီးဖလား အကြို ပြင်ဆင်မှု အဖြစ် လာမယ့် စက်တင်ဘာလ အတွင်း ဂျာမနီနိုင်ငံမှာ သွားရောက် လေ့ကျင့်မှာ ဖြစ်ပြီး ခြေစမ်း ပွဲတွေ ကစား ဖို့လည်း စီစဉ် ထားပါတယ်။

လက်ရှိ အချိန်မှာတော့ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်တွေ ရှိနေလို့ မြန်မာ အသင်းရဲ့ လေ့ကျင့်မှု တွေကို ရပ်နား ထားပြီး လာမယ့် သြဂုတ်လ ဒုတိယပတ်မှာ လေ့ကျင့်မှုတွေ စတင် ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

“စက်တင်ဘာလ ဒုတိယအပတ်လောက်ဆိုရင် သူတို့ ဂျာမနီကို သွားပါမယ်။ ဂျာမနီမှာ ၂ ပတ်၊ ၃ ပတ်လောက် ခြေစမ်းပွဲအနေနဲ့ ဥရောပက တောင့်တင်းတဲ့ အသင်းတွေနဲ့ သူတို့ ကစားမှာပါ။

အခုဆိုရင် နည်းပြကြီးကလည်း သူ့ရဲ့ ပရိုလိုင်စင်ကို Extension လုပ်ရင်းနဲ့ ပြန်သွားတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ဥရောပမှာရှိတဲ့ ဂျာမနီမှာရှိတဲ့ တောင့်တင်းတဲ့ အသင်းတွေနဲ့ သူ့ အနေနဲ့ Friendly Match တွေကို ချိတ်နေ ပါတယ်။

တချို့အသင်းတွေလည်း ရတော့ ရနေပါပြီ။ ဒါပေမယ့် Confirmation ရရင်တော့ သတင်းထုတ်ပေး ပါမယ်။ နောက် တခု ကလည်း ပြန်လာရင် မြန်မာပြည်မှာ ခြေစမ်း ပွဲတွေနဲ့ အတူ ထရိန်နင် ပြန်လုပ် ပြီးတော့ ပြီးလို့ရှိရင် အေအက်ဖ်အက်ဖ် ဆူဇူကီး ချန်ပီယံ ရှစ်ကို ၀င်ပြိုင်မှာပါ” လို့ အမ်အက်ဖ်အက်ဖ် တွဲဘက် အထွေထွေ အတွင်းရေးမှူး လည်းဖြစ်၊ နည်းစနစ် ဒါရိုက်တာလည်းဖြစ်တဲ့ ဦးတင်မြင့်အောင်က ပြောပါတယ်။

နိုဝင်ဘာလမှာကျင်းပမယ့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ဖိလစ်ပိုင်နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

လူကြီးလူငယ် အချိုးကျ ပေါင်းစပ်ထားတဲ့ မြန်မာအသင်းအနေနဲ့ အသင်းလိုက် စုစည်းမှု ကောင်းမယ်ဆိုရင် ဆူဇူကီးဖလားမှာ အောင်မြင်မှုရနိုင်တယ်လို့ လက်ရွေးစင်ကစားသမားဟောင်းလည်းဖြစ်တဲ့ ဦးတင်မြင့်အောင်က ပြောပါတယ်။

“ကလပ်ပွဲပြီးတဲ့အခါမှာ တိုင်းပြည်အတွက် သူတို့ ဘယ်လောက်အထိ အကောင်းဆုံး ကစားပေးနိုင်မလဲ။ နောက်ပြီးတော့ သူတို့အနေနဲ့ သူတို့ဟာ ဘယ်သူလဲဆိုတာ ဥပမာ ကျော်ကိုကို၊ ကျော်ကိုကိုဟာ ဘယ်လိုမျိုးလူမျိုးလဲ ဆိုပြီးတော့ ကိုယ်ကိုယ့်ကိုယ် ပြုစုပျိုးထောင်ပြီးတော့ သူ့ရဲ့တန်ဖိုးကို ပြဖို့တော့ လိုလိမ့်မယ်လို့ ကျနော်ယူဆတယ်။

ကျနော်တို့ ဗမာကလေးတွေဟာ အရှေ့တောင်အာရှအလယ်မှာဆိုရင် အရည်အချင်းရှိပြီးသား ကလေးတွေပါပဲ။ အဓိကတော့ Team Work နဲ့ နိုင်လိုစိတ်ပြင်းထန်မှု စိတ်ကလေးတွေ ထည့်မယ်၊ Team Work ကလေးတွေ ပါလာမယ်၊ နည်းပြကြီးရဲ့ ဗျူဟာတွေကို နားလည်လာမယ်၊ ပေါင်းစပ်မိသွားမယ်ဆိုရင်တော့ ဒီအသင်းကတော့ ကျနော်တို့ မျှော်လင့်ထားတဲ့ အတိုင်းအတာတခု ရောက်မယ်လို့ မျှော်လင့်ပါတယ်။

ကျနော်တို့လည်း ဒီအသင်းကို တော်တော်လေး မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသင်းမှာလည်း Talented Player လေးတွေ တော်တော်များ လာပါပြီ။
ပေါင်းစပ်နိုင်မှုအားပဲ ကျနော်တို့ လိုပါတော့တယ်။”

မြန်မာဘောလုံးအသင်းဟာ လူငယ်အဆင့်ပြိုင်ပွဲတွေမှာ အောင်မြင်မှုရခဲ့ပေမယ့် လက်ရွေးစင်အဆင့်မှာတော့ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံဖလား ၁၀ ကြိမ်မှာ ၂၀၀၄ ခုနှစ်ပြိုင်ပွဲ တကြိမ်ပဲ အုပ်စု အဆင့်က ကျော်လွန် ခဲ့ဖူးပါတယ်။

ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/160712

No comments:

Post a Comment