
မန်ယူ အသင်း မကြာခင် စာချုပ် ချုပ်ဆိုဖွယ် ရှိတဲ့ အင်္ကျီ လက်မောင်း စပွန်ဆာ တန်ကြေးဟာ မြို့ခံ ပြိုင်ဘက် မန်စီးတီး အသင်းထက် လေးဆလောက် များပြားဖွယ် ရှိနေ ပါတယ်။
လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် အသင်း အများစုက ဂျာစီ လက်မောင်းမှာ စပွန်ဆာ ပေးမယ့် ကုမ္ပဏီတွေကို ရှာဖွေနေ ကြပြီး မန်စီးတီး ကတော့ ဒီစပွန်ဆာ အတွက် သဘော တူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
ဘောလုံးအသင်းတွေရဲ့ အင်္ကျီလက်မောင်းမှာ တံဆိပ်ဖော်ပြခွင့်ရဖို့အတွက် ကမ္ဘာ့အင်အားကြီး လုပ်ငန်းစုတွေက စတာလင်ပေါင် သန်းနဲ့ချီ ပေးချေရမှာဖြစ်ပါတယ်။
နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက လာမယ့်ရာသီမှာ အင်္ကျီလက်မောင်း စပွန်ဆာပေးမယ့်ကုမ္ပဏီ ရှာတွေ့သွားပြီဖြစ်ပြီး တောင်ကိုရီးယား တာယာကုမ္ပဏီ Nexen နဲ့ သဘောတူညီမှုရထားတာပါ။ မန်စီးတီးအသင်းရဲ့ အကျီလက်မောင်းမှာ Nexen ရဲ့ အမှတ်တံဆိပ် ဖော်ပြခွင့်ရဖို့အတွက် Nexen ကုမ္ပဏီဟာ မန်စီးတီးအသင်းကို တစ်နှစ်ပေါင်ငါးသန်း ပေးချေရမှာ ဖြစ်ပါတယ်။
မန်ယူအသင်းက အင်္ကျီလက်မောင်းစပွန်ဆာအတွက် ကုမ္ပဏီတွေနဲ့ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပေမယ့် မန်ယူအသင်း ရရှိမယ့် စပွန်ဆာကြေးဟာ တစ်နှစ် ပေါင်သန်း ၂၀ လောက်ရှိမယ်လို့ သိရပါတယ်။
မန်ယူအသင်းက ရင်ဘတ်စပွန်ဆာအတွက် ၇ နှစ်စာ Chevrolet ကုမ္ပဏီထံက ပေါင်သန်း ၃၇၀ ရရှိထားပါတယ်။ ဒါတောင်မန်ယူအသင်း Chevrolet အမှတ်တံဆိပ်ကို တကယ့်ပွဲကစားမှ ဝတ်ဆင်ရတာဖြစ်ပါတယ်။
လေ့ကျင့်ရေးကွင်းမှာဆို မန်ယူအသင်းက Aon အမှတ်တံဆိပ်ကို ဝတ်ဆင်ပေးရပြီး အဲဒီအတွက်လည်း စပွန်ဆာကြေး သပ်သပ်ရထားပါတယ်။
ပရီးမီးယားလိဂ်အသင်းတွေထံမှာ အင်္ကျီလက်မောင်းစပွန်ဆာ အမှတ်တံဆိပ်တွေကို လာမယ့်လကစပြီး မြင်တွေ့ရဖွယ်ရှိပါတယ်။
From : Duwun by KK
Originally published at - http://www.duwun.com.mm/sports/epl/-id6464499.html

No comments:
Post a Comment