မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, August 9, 2016

အရှုံးထဲက သင်ခန်းစာ


၂၀၁၆ အာဆီယံ အမျိုးသမီးဘောလုံး ပြိုင်ပွဲ အကြို ဗိုလ်လုပွဲတွင် မြန်မာနှင့် ဗီယက်နမ် ယှဉ်ပြိုင်နေစဉ် ဓာတ်ပုံ − MFF


‘‘ပွဲပြီးဖို့ စက္ကန့်ပိုင်း အလိုမှာ ကစား သမားတွေ စိတ်လှုပ်ရှား နေခဲ့တယ်။ ကျွန်တော်တို့ တစ်သင်းလုံး ပါးနပ် လိမ္မာမှု အားနည်း ခဲ့တယ်လို့ ဆိုရမှာပေါ့။ တည်တည် ငြိမ်ငြိမ်နဲ့ ဘောလုံးကို ထိန်းကစားပြီး ဗိုလ်လုပွဲ ရောက်ဖို့ ကြိုးစား ခဲ့သင့်တယ်’’

၂၀၁၆ အာဆီယံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲ၌ ဗီယက်နမ် အသင်းကို ပွဲပြီးရန် စက္ကန့်ပိုင်း အလိုအထိ ၃-၂ ဂိုးဖြင့် ဦးဆောင်နေ ပြီးမှ အနိုင်ရလဒ်ကို မထိန်းသိမ်းနိုင်ဘဲ ဗီယက်နမ် အသင်း၏ ချေပဂိုးကို ပင်နယ်တီမှ တစ်ဆင့် ခွင့်ပြု ခဲ့ရသည့် အခြေအနေ၌ အသင်း၏ အားနည်းချက်ကို မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းခေါင်းဆောင် ခင်မာလာထွန်းက ပြန်လည် ပြောပြခြင်း ဖြစ်သည်။

ဗီယက်နမ်အသင်း၏ အဆိုပါ ချေပဂိုးကို ခွင့်ပြုခဲ့ရသည့်အတွက် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ရပြီး အရှုံးအနိုင် အဖြေမပေါ်၍ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ၌
မြန်မာအမျိုးသမီး အသင်းက ဗီယက်နမ်အသင်းကို ရှုံးနိမ့်ကာ ဗိုလ်လုပွဲနှင့် ဝေးကွာခဲ့ရသည်။

(၉) ကြိမ်မြောက် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၄ ရက်အထိ မန္တလေးမြို့ မန္တလာ သီရိကွင်း၌ ကျင်းပပြီး အိမ်ရှင် မြန်မာ အသင်းက အုပ်စု(ခ)တွင် သြစတြေးလျယူ-၂၀၊ မလေးရှား၊ တီမောအသင်းတိှု့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

မြန်မာအသင်းအနေဖြင့် အုပ်စုတွင်း သုံးပွဲကစား၊ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် ခုနစ်မှတ်ရရှိပြီး သြစတြေးလျ ယူ-၂၀ နှင့် ရမှတ် တူ ဂိုးကွာခြားချက်ဖြင့် အုပ်စု ဒုတိယနေရာဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။ အကြိုဗိုလ် လုပွဲ၌ ဒေသတွင်းပြိုင်ဘက် ဗီယက်နမ်အသင်းနှင့် ဆုံတွေ့ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်တွင် ၅-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

‘‘ဗီယက်နမ်အသင်းက ဖိအားဒဏ်ခံနိုင်တယ်။ အတွေ့အကြုံ ပိုင်းမှာ မြန်မာထက် ပိုသာတယ်။ မြန်မာက ပရိသတ် ဖိအားနဲ့ အတွေ့အကြုံပိုင်း အားနည်းခဲ့တယ်။ တစ်ဦးချင်း မမှားသင့်တဲ့ အမှားတွေ ပြု လုပ်ခဲ့တာ ရှိတယ်။ ဒီအမှားတွေပဲ ဂိုးပေးလိုက်ရတာတွေ ရှိတယ်။ ဒါက အတွေ့ကြုံနဲ့ ဖိအားဒဏ်တွေကြောင့်ပါ။ ဒီအချက်တွေကို သင်ယူနိုင်မယ်လို့ မျှော်လင့်တယ်’’ ဟု ဗီယက်နမ်နှင့် အကြိုဗိုလ်လုပွဲ အပြီးတွင် မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ရော်ဂျာရိုင်နာက ပြောသည်။

အကြိုဗိုလ်လုပွဲ၌ ဗီယက်နမ် အသင်းက ကစားကွက်အသာစီး ဖြင့် မြန်မာအသင်းအပေါ် ဖိအားပေးကစားပြီး ပထမပိုင်းတွင်နှစ်ဂိုးပြတ် ဦးဆောင်နေသော်လည်း ဒုတိယပိုင်း၌ အိမ်ရှင်ပရိသတ်၏ အားပေးမှု၊ ကစားသမားများ၏
နိုင်လိုစိတ်ပြင်းပြမှုနှင့် မြန်မာအမျိုးသမီး အသင်း ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ချေပဂိုးနှင့် အနိုင်ဂိုးပါ သွင်းယူ၍ ၉၁ မိနစ်အထိ ၃-၂ ဂိုးဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။

ယင်းပွဲစဉ်တွင် အချိန်ပိုလေးမိနစ် သတ်မှတ်ပေး ထားသော်လည်း ထိုပွဲစဉ်ကို တာဝန်ယူကိုင်တွယ်သည့် တောင်ကိုးရီးယား ကွင်းလယ်ဒိုင်က အချိန်ပိုကို ၉၆ မိနစ်အထိ ကစားခွင့်ပြုခဲ့သည်။ ၉၆ မိနစ်တွင် ဗီယက်နမ်အသင်း တိုက်စစ်ဆင်မှုကို ဂိုးသမား မြဖူးငုံ ဖြတ်ထုတ်ပုံ ကြမ်းတမ်းသည် ဆိုကာ ဗီယက်နမ်အသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး အဆိုပါ ပင် နယ်တီကို ငုရင်သီမီငူရက်က ကန်သွင်းကာ ပွဲပြီးဆုံးချိန်တွင် သုံးဂိုးစီဖြင့် သရေကျခဲ့သည်။

မြန်မာအသင်းသည် အချိန်ပို မိနစ် ၃ဝ တွင် တစ်ယောက်လျော့ အနေအထားဖြင့် ဂိုးမရှိသရေ ကစားနိုင်ခဲ့သော်လည်း ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာ၌ ဗီ ယက်နမ်က ၅-၄ ဂိုးဖြင့် အနိုင်ရရှိ ကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီး အသင်းသည် ဒုတိယပိုင်းပြီးဆုံးရန် လက်ကျန်မိနစ်ပိုင်းတွင် အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့သည့်အတွက် အာဆီယံ အမျိုးသမီးပြိုင်ပွဲ သမိုင်းတစ်လျှောက် ခြောက်ကြိမ်မြောက် ဗိုလ်လုပွဲ တက်ရောက်ခွင့်ကို လွဲချော်ခဲ့ရသည်။

ယင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ထိုင်းအသင်းက ဗီယက်နမ်အသင်းကို ပင်နယ်တီတွင် ၆-၅ ဂိုးဖြင့် အနိုင် ရ ဗိုလ်စွဲခဲ့ပြီး သုံးကြမ်မြောက် ချန်ပီယံဆု ရယူကာ ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့သည်။ အာဆီယံ အမျိုးသမီးပြိုင်ပွဲ တစ်လျှောက်တွင် မြန်မာနှင့် ဗီ ယက်နမ်တို့က နှစ်ကြိမ်စီ ဗိုလ်စွဲထားပြီး ယခုနှစ်ပြိုင်ပွဲ၌ ထိုင်းအသင်း၏ ကျော်တက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

မြန်မာအသင်းသည် အာဆီယံ အမျိုသမီးချန်ပီယံရှစ်တွင် ၂၀၀၄ နှင့် ၂၀၀၇ များတွင် ဗိုလ်စွဲ ထားပြီး ချန်ပီယံဆုကို ပြန်လည် မကိုင်မြှောက်နိုင်သည်မှာ ကိုးနှစ်ခန့် ရှိနေပြီဖြစ်သည်။

ထို့ပြင် မြန်မာအမျိုးသမီး အသင်းအနေဖြင့် အဓိကပြိုင်ပွဲကြီးများ၌ ဗီယက်နမ်နှင့်ထိုင်းကို မန္တလာသီရိကွင်း၌ အနိုင်မရဖူးသေးသည့် မှတ်တမ်းဆိုးမှာ ဆက်လက် တင်ကျန်နေခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် မန္တလာသီရိ ကွင်း၌ လက်ခံကျင်းပသည့်၂၀၁၃ ဆီးဂိမ်းအကြို ဗိုလ်လုပွဲတွင် ထိုင်းအသင်းကို ရှုံးနိမ့် ခဲ့သကဲ့သို့၂၀၁၆ ဘရာဇီး အိုလံပစ် အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲများတွင်လည်း ထိုင်းနှင့် ဗီယက်နမ်ကို မန္တလာသီရိကွင်း၌ပင် အရေးနိမ့် ခဲ့ရသည်။

သို့သော် မြန်မာအမျိုးသမီး ဘောလုံးအသင်း အနေဖြင့် အရှုံးများ ကြုံတွေ့ရသော်လည်း အရှုံးများနှင့် ဇာတ်သိမ်းမသွားရန် အရေးကြီးပါသည်။ လက်ရှိတွင် ထိုင်း နှင့်ဗီယက်နမ်နိုင်ငံများ၌ ပြည်တွင်း အမျိုးသမီးလိဂ်
ဘောလုံးပြိုင်ပွဲ များရှိနေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ၌ မစတင်နိုင်သေးပေ။ ပြည်တွင်း အမျိုးသမီးလိဂ်ပြိုင်ပွဲများ မရှိသေးခြင်း ကလည်း မျိုးဆက် သစ်ကစားသမားများ ထွက်ပေါ်လာရေး အတွက် အခက်အခဲတစ်ခု
ဖြစ်နေဆဲဖြစ်ကြောင်း မြန်မာ့ဘောလုံး လေ့လာသူများက သုံးသပ်သည်။

‘‘ပြိုင်ပွဲမှာ မြန်မာအမျိုးသမီး ခြေစွမ်းက ကောင်းခဲ့တယ်လို့ ပြောလို့ရတယ်။ ပွဲချိန်အတွင်း ရှုံးတာ မရှိခဲ့ဘူး။ မလေးရှားနဲ့ အုပ်စုပွဲရယ်၊ ဗီယက်နမ်နဲ့ ဆီမီးဖိုင်နယ် ပထမပိုင်းလောက်ပဲ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတယ်။ ပရိသတ် သောင်းချီရှေ့မှာ ဖိအားနည်းနည်း ရှိသွားလို့ ဗိုလ်လုပွဲမတက်ခဲ့တာ ပါ။ လူငယ် ကစားသမားသစ်တွေလည်း ရှိတော့ လက်ရှိနည်းပြနဲ့ အချိန်ကြာကြာ လေ့ကျင့်သွားမယ်ဆိုရင် ခြေစွမ်းပိုကောင်း လာမှာပါ။ ဒါပေမဲ့ ပြိုင်ပွဲတွေ အများကြီး ကစားဖို့တော့ လိုတယ်။ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေမှာလို အမျိုးသမီးလိဂ်ပြိုင်ပွဲ ကျင်းပမှ ပြိုင်ပွဲအတွေ့အကြုံ များလာမှာ ဖြစ်သလို လူငယ် ကစားသမားသစ်တွေလည်း အများကြီး ပေါ်ထွက်လာမယ်။ ဒီအတိုင်း ဆက်သွားရင်တော့ ထိုင်းနဲ့ ဗီယက်နမ်ကိုယှဉ်ဖို့ ပြိုင်ပွဲအတွေ့အကြုံမှာ တစ်ပန်းရှုံးနေဦးမှာ’’ ဟု အားကစားဆောင်းပါးရှင် ကိုဝဏ္ဏကို ကပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်၌ အောင်မြင်မှုရရှိစေရန် နယ်သာလန် အမျိုးသမီးလက်ရွေးစင်ဟောင်းနည်းပြ ရော်ဂျာကို ၂၀၁၆ ဖေဖော်ဝါရီအတွင်းက ခြောက်လစာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ နည်းပြရော်ဂျာ လက်ထက်၌ မြန်မာအမျိုးသမီးအသင်းသည် ဂျပန်နိုင်ငံသို့ သုံးပတ်ကြာ သွားရောက်၍ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည့်အပြင် တောင်ကိုးရီးယား အမျိုးသမီးအသင်း၊ ထိုင်းအမျိုးသမီး အသင်းများ နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားပြီး ပြိုင်ပွဲအတွက် အတွေ့အကြုံ များ ရှာဖွေခဲ့သည်။

နည်းပြရော်ဂျာ လက်ထက်တွင် အတွေ့ကြုံရှိ ကစားသမားများနှင့် လူငယ်ကစားသမားကို ပေါင်းစပ် ဖွဲ့စည်းထားသည့် မြန်မာ အမျိုးသမီးအသင်း၏ ကစားပုံ တိုးတက်လာခဲ့ကြောင်းနှင့် အနာဂတ် အလားအလာကောင်းများ ပိုင်ဆိုင် ထားသည့် အသင်းအဖြစ် မြန်မာ့ဘောလုံးလောက လေ့လာသူများက သုံးသပ်ထားသည်။

‘‘မြန်မာအသင်းကို အားပေးမယ့် ပရိသတ်တွေ ရှိတယ်။ အရည်အသွေးရှိ ကစားသမားတွေ တွေ့လာရတယ်။ ဒါဟာ အနာဂတ် အတွက် အခြေအနေကောင်း တစ်ခုပါ’’ဟု နည်းပြချုပ် ရော်ဂျာက အသင်း၏ အခြေအနေနှင့် ပတ် သက်၍ပြောသည်။

‘‘နည်းပြသစ် လက်ထက်မှာ ခြေစွမ်းပိုင်းအရ တိုးတက်လာတယ် ဆိုပေမယ့် ခံစစ်ကနေ တိုက်စစ် ကူးပြောင်းတဲ့နေရာမှ လိုအပ်ချက်တွေ ရှိနေသေးတယ်။ တိုးတက် လာတာကတော့ ခံစစ်အပိုင်းပဲ။ ဒေသတွင်း အဓိကပြိုင် ဘက်တွေကို အနိုင်ယူချင်တယ် ဆိုရင်တော့ ဂိုးသွင်းတဲ့အပိုင်းကို သေချာလေ့ကျင့်ရမယ်။ အဝေးကန်ချက်တွေ၊ ဂိုးသွင်းနိုင်မယ့် အခြေအနေတွေကို အကောင်းဆုံး လေ့ကျင့်ယူရမယ်’’ ဟု ရန်ကုန်ယူနိုက်တက်အသင်း နည်းစနစ် ဒါရိုက်တာ ဦးဝင်းသူမိုးက သုံးသပ်သည်။

မြန်မာအမျိုးသမီးအသင်း အနေဖြင့် ၂၀၁၆ အာဆီယံပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခြင်း မရှိခဲ့သော် လည်း ပြိုင်ပွဲတွင် လူငယ်ကစားသမားအချို့ ခြေစွမ်းပြလာနိုင်မှုက မျိုးဆက်သစ် ရှားပါးနေသည့် မြန်မာ့ အမျိုးသမီးဘောလုံးလောက အတွက် အားတက်စရာ ဖြစ်သည်။ ၂၀၁၆ အာဆီယံပြိုင်ပွဲတွင် အသက်(၂၁) နှစ်အရွယ် မြန်မာကွင်းလယ် ကစားသမား ၀င်းသိင်္ဂီထွန်းက ပြိုင်ပွဲတစ်လျှောက် ကိုးဂိုးသွင်းယူကာ ဂိုးသွင်း အများဆုံအဖြစ် ရပ်တည်ခဲ့သည်။

‘‘အသင်းအတွက် ကောင်းတဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ ကျန်တဲ့ လူငယ်ကစားသမားတွေလည်း ကြိုးစားစေချင်တယ်’’ ဟု ခင်မာလာထွန်းက ပြောသည်။ မြန်မာအသင်းအနေဖြင့် အာဆီယံပြိုင်ပွဲတွင် ပြိုင်ဘက်အသင်းများကို
ကျော်ဖြတ်၍ အိမ်ကွင်း ပရိသတ် ရှေ့မှောက်၌ အောင်ပွဲခံနိုင်လျှင် ကစားသမားများ၏ ကြိုးစားအားထုတ်မှုကို ချီးမွမ်းခန်းဖွင့်ရမည့် နည်းတူ လိဂ်ပြိုင်ပွဲမရှိ၊ တိုင်းနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲများ မရှိဘဲ ဖွဲ့စည်းထားသည့် အသင်းတစ်သင်း အောင်မြင်မှုမရခဲ့ခြင်းက အံ့သြဖွယ်ရာ အခြေအနေတော့ မဟုတ်ပေ။

မြန်မာအမျိုးသမီးအသင်းကို ၂၀၁၆ အာဆီယံပြိုင်ပွဲ၌ ကြေးတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် နယ်သာလန်နည်းပြ ရော်ဂျာအနေဖြင့် မြန်မာအသင်းနှင့် ဆက်လက် လက်တွဲသွားလိုကြောင်း ပြောကြားထားသည်။ ယခုနှစ် အာဆီယံ ချန်ပီယံရှစ်၌ ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသော်လည်း ပြိုင်ပွဲမှရရှိခဲ့သည့် အတွေ့ အကြုံများကို အသုံးချ၍ အနီးကပ်ဆုံး မလေးရှားဆီးဂိမ်း၌ အောင်မြင်မှုများ ရှာဖွေရမည်ဟု ခင်မာလာထွန်းက ပြောသည်။

‘‘ပြိုင်ပွဲကတော့ ပြီးသွားပါ ပြီ။ ဒိုင်က အမှားလုပ်ခဲ့တယ်လို့ပဲ ပြောပြော၊ ရလဒ်ကို ထိန်းထားနိုင် ခဲ့ရင် ဗိုလ်လုပွဲရောက်ခဲ့မှာပါ။အဓိက ကျွန်တော်တို့ အနေနဲ့ လိုအပ်ချက်တွေ ရှိခဲ့တာပါ။ ဒါက အမှားတစ်ခု ကျူးလွန်ခဲ့တာတော့ မဟုတ်ပါဘူး။ လာမယ့်ပြိုင်ပွဲတွေ အတွက် တန်းဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းတွေ ရခဲ့တာပါ’’ ဟု မြန်မာအမျိုးသမီး အသင်းခေါင်းဆောင် ခင်မာလာထွန်းကဆိုသည်။

မြန်မာအမျိုးသမီး အသင်းအနေဖြင့် အာဆီယံပြိုင်ပွဲ တစ်လျှောက် ချန်ပီယံနှစ်ကြိမ် ဆွတ်ခူးထားသော်လည်း ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက်၌ ရွှေတံဆိပ် ရရှိထားခြင်း မရှိသေးပေ။ ထို့ကြောင့် မြန်မာအမျိုးသမီး ဘောလုံးအသင်း၏ ပထမဆုံး ဆီးဂိမ်းရွှေတံဆိပ်ကို လာမည့် ၂၀၁၇ မလေးရှားဆီးဂိမ်းတွင် ဆွတ်ခူးနိုင်ရန် ယခုအချိန်ကပင် စနစ်တကျပြင်ဆင်ရတော့မည် ဖြစ်သည်။

7day daily - By : ဘိုဘိုမင်း၊ ချစ်ဝိုင်း

Originally published at - http://www.7daydaily.com/story/72457

No comments:

Post a Comment