Monday, August 22, 2016
ကလေးဘ၀က သေနတ်ပစ် ခံရပြီး မသန်စွမ်းဖြစ် ခဲ့ရသူ အိုလံပစ် ရွှေတံဆိပ် မျှော်မှန်း
အရင် ၁၄ နှစ်လောက်က ထိုင်း - မြန်မာ နယ်စပ်က ကလေး ၃ ဦး သေဆုံးခဲ့တဲ့ ကျောင်းဘတ်စ်ကားကို ပစ်ခတ်မှုမှာ အသက်ရှင် ကျန်ရစ်သူ တဦးက လာမယ့်လ ဘရာဇီးမှာ ကျင်းပမယ့် မသန်စွမ်း အိုလံပစ် ပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူး ရရှိဖို့ မျှော်မှန်းနေ ပါတယ်။
အိုလံပစ် ပြိုင်ပွဲတွေ ကျင်းပ ပြီးတိုင်း မသန်စွမ်း အိုလံပစ် ပွဲတော်ကိုလည်း ကျင်းပလေ့ရှိပြီး စက်တင်ဘာ ၇ ရက်ကနေ ၁၈ ရက် အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက် ရန်ကာဟန်က အားကစား အဖွဲ့ ဌာနချုပ်မှာ အသက် ၂၇ နှစ် အရွယ် ဘီးတပ် ပြေးခုန်ပစ် သမား ၀ိဂျစ်ထရာ ဂျိုင်းအွန်က နေ့စဉ် လေ့ကျင့် မှုတွေ ပြုလုပ် နေပါတယ်။
စားပွဲတင်တင်းနစ် ပြိုင်ပွဲဝင်ဖို့ အတွက် သူက တနေ့ကို ၆ နာရီလောက် လေ့ကျင့်နေတာ ဖြစ်ပါတယ်။
“ထိုင်းတွေရဲ့ မျှော်လင့်ချက်ကို ကျမက သယ်ဆောင် ထားရပါတယ်။ ဒီလိုအခြေအနေ မျိုးက အလွယ်တကူ ဖြစ်လာတာ မဟုတ်ပါဘူး” လို့ ၂၀၁၄ ခုနှစ် ကိုရီးယား အင်ချွန် အာရှ မသန်စွမ်းပြိုင်ပွဲမှာ ကြေးတံဆိပ် ရရှိခဲ့တဲ့ ၀ီဂျစ်ထရာက ပြောပါတယ်။
ဝီဂျစ်ထရာဟာ ကံကြမ္မာကို အရှုံးပေးဖို့ ငြင်းဆန်ထားပြီး ၂၀၀၂ ခုနှစ် ဇွန် ၄ ရက် ဘန်ကောက် အနောက်ဘက် ကီလိုမီတာ ၁၀၀ ကျော်ဝေးတဲ့ ရပ်ချဘူရီခရိုင် ဆွမ်ဖန် ဘတ်စ်ကား တိုက်ခိုက်မှုမှာ ရှင်သန် ကျန်ရစ်တဲ့ သူတဦးလည်း ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် သူ့ရဲ့ဘ၀ဟာ ထာဝရ ပြောင်းလဲ သွားခဲ့ တာပါ။
ဘန်ခါဝီထရာကျောင်းကို သွားဖို့ ကျောင်းသား ၂၇ ဦး တင်ဆောင်လာတဲ့ ဘတ်စ်ကားနဲ့ စီးနင်းလိုက်ပါလာစဉ်မှာ ကျယ်လောင်တဲ့ သေနတ်သံကို ကြားခဲ့ရပြီး လူ ၃ ဦးက ဘတ်စ်ကားကို ပစ်ခတ်ခဲ့ပါတယ်။
ကရင်လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားလို့ သံသယရှိသူ ၃ ဦးက အမ် ၁၆ ရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဘတ်စ်ကားရှေ့ကနေ ပစ်ခတ်နေတဲ့ သေနတ်သမား ၃ ဦးဆီကနေ ရှောင်ကွင်းဖို့ ကားဆရာက ကားကို ဘေးကို ချိုးကွေ့ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကျောင်းသား ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အချိန်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီအချိန်ကနေ စတင်ပြီး ၀ီဂျစ်ထရာကတော့ ဒုက္ခိတဘ၀ကို ရောက်ရှိ သွားခဲ့ပါတယ်။ ဒီနေ့ အထိ တိုက်ခိုက်မှု ကျူးလွန်တဲ့ သူတွေကို ဖမ်း မမိသေးပါဘူး။
ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ကတော့ တစုံတရာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောဆို ထားပါတယ်။
အဲဒီအချိန်တုန်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ် အသေးစိတ်ကို အခုချိန်အထိ ၀ီဂျစ်ထရာက မှတ်မိနေပါတယ်။
ကျည်ဆန်က ဗိုက်ကိုထိသွားပြီး ရှပ်အင်္ကျီက သွေးတွေ စွန်းထင်းကုန်တယ်လို့ သူက ပြန်ပြောင်းပြောပြပါတယ်။
တခြားကျောင်းသား ၂ ယောက်က သူ့ကို ဆွဲချပြီး အနီးက ရွာထဲကို ခေါ်သွား တယ်လို့ ဆိုပါတယ်။
“ဒေသခံဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် သွေးအရမ်းထွက်တာကြောင့် ကုသဖို့ ခက်ခဲတဲ့အတွက် ခရိုင်ဆေးရုံကို ပို့ဖို့ ညွှန်းဆိုခဲ့ပါတယ်” လို့ ၀ီဂျစ်ထရာက ပြောပါတယ်။
ခရိုင်ဆေးရုံကို ရောက်တဲ့အချိန်မှာ ခွဲစိတ်ခန်းက မီးလုံးကြီးကြီးတွေကို မှတ်မိနေသလို သူ့ရဲ့ရှပ်အင်္ကျီကို မဖြတ်ဖို့ ဆရာဝန်တွေကို ပြောခဲ့တာကို မှတ်မိတယ်လို့ ၀ီဂျစ်ထရာက ပြောပါတယ်။
“အိုင်စီယူထဲမှာ နိုးလာတဲ့အချိန်မှာတော့ ကျည်ဆန်ကြောင့် နောက်ကျောက နာ့ဗ်ကြောတွေ ပျက်စီးသွားပြီဆိုတာ သိလိုက်ရပါတယ်။ အရင်လို မတ်မတ်ထိုင်နိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဆရာဝန်တွေက ပြောပါတယ်” လို့ သူက ပြောပါတယ်။
ဝီဂျစ်ထရာက သေချင်လောက်အောင် စိတ်ပျက်သွားပေမယ့် လယ်သမားဖြစ်တဲ့ ဖခင်ကတော့ စိတ်မပျက် အရှုံးမပေးခဲ့ပါဘူး။
“နေ့တိုင်း ကာယကုထုံးတွေကို လုပ်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ သူနဲ့သိတဲ့ သူတွေ တိုင်းကိုလည်း ကျမအတွက် ကုသနိုင်မယ့် နည်းလမ်းတွေရဖို့ ဆွေးနွေးခဲ့ပါတယ်” လို့ ၀ီဂျစ်ထရာက ပြောပါတယ်။
ဆေးရုံမှာ ၅ လလောက် ကုသခံ ခဲ့ရပါတယ်။ ဆေးရုံက ဆင်းပြီးတဲ့နောက် ဘန်ခါဝီထရကျောင်းကို ပြန်မသွားချင်ပေမယ့် မိသားစုနဲ့ သူငယ်ချင်းတွေက ပြန်သွားဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ဝီဂျစ်ထရာက အလားအလာရှိတဲ့ ပြေးခုန်ပစ်သမားတဦးဖြစ်ပြီး ဘောလီဘောနဲ့ ဆီပတ်တာကရောမှာ ထူးချွန်တဲ့သူလည်း ဖြစ်ပါတယ်။
အိမ်ကနေထွက်လာရင် အရမ်းကို စိတ်ဆင်းရဲရတယ်လို့ ၀ီဂျစ်ထရာက ပြောပါတယ်။
“တဦးတယောက်ကိုမှ ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်ပါဘူး။ ဒါကြောင့် အပြင်ကို မထွက်ချင်ဘူး။ လူတွေက အကြည့်တမျိုးနဲ့ ကြည့်ကြတော့မယ်” လို့ သူက ပြန်ပြောပါတယ်။
တနှစ်လောက်ကြာတဲ့အခါမှာတော့ ပညာရေးဌာနက အမြဲတမ်း အတွင်းရေးမှူး ခူယင်း ကာဆာမာဗိုရာဝမ်နာ အယုဒ္ဓယက ၀ီဂျစ်ထရာကို နောင်သဘူရီခရိုင်မှာရှိတဲ့ မသန်စွမ်းတွေ တက်ရောက်ရမယ့် ဆီရိဆ၀မ်ကျောင်းမှာ တက်ရောက်နိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။
“ကျမ အရမ်းငိုမိပါတယ်။ မိသားစုကို မခွဲချင်ပါဘူး။ မိဘတွေနဲ့အတူ အမြဲအိပ်ချင်ပါတယ်။ ဒါပေမယ့် အဖေက ဆီရီဆ၀မ်းကျောင်းမှာ သွားတက်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်” လို့ ၀ီဂျစ်ထရာက ပြောပါတယ်။
တကယ်တော့ သူ့အဖေ မှန်ပါတယ်။ ကျောင်းက မတ်မတ်ထိုင်နိုင်မယ့်ကုထုံး၊ ဘီးတပ်ကုလားထိုင်နဲ့ လွတ်လွတ်လပ်လပ် သွားနိုင်မယ့်နည်းကို ပေးအပ်ခဲ့ပါတယ်။
ဆီရီဆ၀မ်ကျောင်းက ကျောင်းသားကျောင်းသူတွေက လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေတာကို တွေ့ခဲ့ရပါတယ်။
“ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်ရှိတဲ့ ကျောင်းသားတွေ အားကစားအမျိုးမျိုးကို ကစားနိုင်တော့ ကျမ အံ့အားသင့်မိတယ်” လို့ ၀ီဂျစ်ထရာက ပြောပါတယ်။
တနေ့တော့ ကျောင်းသားအဖွဲ့တဖွဲ့က စားပွဲတင်တင်းနစ် ကစားနေတာကို တွေ့မိပြီး ဒါက သူ့စိတ်ကို နှိုးဆွခဲ့ပါတယ်။
“သူတို့ အရမ်းပျော်ပြီး ဆူညံနေပါတယ်” လို့ ၀ီဂျစ်ထရာက ပြောပါတယ်။ အဲဒီအချိန်က စပြီးတော့ စားပွဲတင်တင်းနစ်ကို စတင်လေ့ကျင့်တာ ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာ နိုင်ငံကိုယ်စားပြု ကစားသမားတဦးဖြစ်လာပြီး သြစတြေးလျမှာ သွားရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရပါတယ်။
ဒီနောက်မှာတော့ ကံကြမ္မာက ပိုမိုမျက်နှာသာပေးလာပြီး နိုင်ငံတကာပွဲတွေ အမြောက်အမြားမှာ ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။
အာရှ မသန်စွမ်းပြိုင်ပွဲမှာလည်း ကြေးတံဆိပ် ရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမှာ ကျင်းပမယ့် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲမှာ ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရပြီး ရွှေတံဆိပ်ရဖို့ သူက မျှော်မှန်းနေပါတယ်။
၂၀၁၂ ခုနှစ် လန်ဒန် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့ပြီး တက္ကသိုလ်မှာ သတင်းနဲ့ နည်းပညာလေ့လာဖို့
ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကောလိပ်ကျောင်းကနေ ပညာသင်ပြီးဆုံးသွားပြီ ဖြစ်သလို ဘန်ကောက်က အထူးပညာရေးဌာနမှာ အလုပ်လုပ်ကိုင်နေပါတယ်။
“မသန်စွမ်းအိုလံပစ်ပြိုင်ပွဲနဲ့ ဝေးနေတဲ့ အချိန်မှာ အကူအညီပေးထားတဲ့ သူငယ်ချင်းတွေကို ကျမတောင်းပန်ချင်ပါတယ်။ တခုခု ထိခိုက်ခံစားခဲ့ရတဲ့သူတွေ အနေနဲ့ ကျမရဲ့ ဘ၀ကို စောင့်ကြည့်စေချင်တယ်။ ကျမတို့ လုပ်နိုင်ပါတယ်ဆိုတာ ကျမ ဖြစ်ခဲ့တာတွေက ပြနေပါတယ်” လို့ ၀ီဂျစ်ထရာက ပြောပါတယ်။
သြဂုတ် ၂၁ ရက် ဘန်ကောက်ပို့စ် သတင်းစာပါ Shooting victim takes aim at Paralympic gold in Rio ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/165017
Labels:
စားပွဲတင်တင်းနစ်,
အိုလံပစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment