မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 4, 2016

ပရိသတ် ဆိုးသွမ်းသည့် ဖြစ်ရပ်များကြောင့် အမ်အက်ဖ်အက်ဖ်ကို အာရှဘောလုံး အဖွဲ့ချုပ် သတိပေး




ပရိသတ် ဆိုးသွမ်းတဲ့ ဖြစ်ရပ် တွေကြောင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) ကို အာရှဘောလုံး အဖွဲ့ချုပ်က ပြင်းပြင်း ထန်ထန် သတိပေး ထားပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတဲ့ ပွဲစဉ် တချို့မှာ ပရိသတ်တွေက ကွင်းထဲကို အရာ ဝတ္ထုတွေနဲ့ ပစ်ပေါက် ခဲ့တာတွေ ရှိတာကြောင့် အာရှဘောလုံး အဖွဲ့ချုပ်ကနေ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို အရေးယူ မှုတွေ ပြုလုပ်ခဲ့ပြီး နောက်ထပ် မဖြစ်ဖို့လည်း သတိပေးထားတာပါ။

မြန်မာနိုင်ငံအနေနဲ့ နိုဝင်ဘာ ၁၉ ရက်မှာ စတင်မယ့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ မလိုလား အပ်တဲ့ အပြုအမူတွေ ထပ်လုပ်မယ် ဆိုရင် နိုင်ငံတကာ ပွဲတွေကို လက်ခံ ကျင်းပခွင့်ရတော့မှာ မဟုတ်ဘူးလို့ ဘောလုံး အဖွဲ့ချပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

“အာရှ ယူ-၁၉ ခြေစစ်ပွဲတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ တိုင်ပေပွဲတွေမှာ ပစ္စည်းတွေနဲ့ပေါက်လို့ တပွဲ ကွင်းပိတ်ကစားဖို့ ပြစ်ဒဏ်ချထားတယ်။ နောက် ၂ နှစ်အတွင်း ထပ်မဖြစ်ဖို့လည်း သတိပေးထားတယ်။ အမျိုးသမီးပွဲမှာ ထပ်ဖြစ်တဲ့ အတွက် ဘယ်လို အရေးယူမလဲ မသိသေးဘူး။ ဆူဇူကီးမှာ ထပ်ဖြစ်ရင်တော့ ဘောလုံး အဖွဲ့ချုပ် အတွက် မကောင်းတော့ပါဘူး။

“မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူမှုတွေ ခံခဲ့ရသလို ကမ္ဘာ့ဘာလုံးအဖွဲ့ချုပ်ကလည်း ၂၀၁၁ ခုနှစ် အိုမန်နဲ့ပွဲက ဖြစ်ရပ်တွေ အတွက် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေကို အိမ်ကွင်းကစားခွင့် ပိတ်ခဲ့လို့ ထိုင်းနိုင်ငံမှာ သွားရောက် ကစားခဲ့ ရပါတယ်။

လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲမှာတော့ ပရိသတ်တွေရဲ့ အပြုအမူကို ထိန်းကျောင်းနိုင်မယ် ထင်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။

“ပရိသတ်စစ်စစ်နဲ့ပဲ အားပေးစေချင်တယ်။ ရှုံးလို့ ပစ်တာခတ်တာ မဖြစ်စေချင်ဘူး။ ကျနော်တို့လူမျိုးရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်တယ်။”

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂ဝ၁၃ ဆီးဂိမ်း၊ ၂ဝ၁၅ အာရှယူ-၁၉ ခြေစစ်ပွဲ၊ ၂ဝ၁၆ အာဆီယံအမျိုးသမီးပြိုင်ပွဲ၊ ၂ဝ၁၆ အာရှယူ-၁၉
ခြေစစ်ပွဲစဉ်တွေမှာ ပရိသတ်တချို့က ကွင်းထဲကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြတာကြောင့် ဒဏ်ကြေးငွေဆောင်ခဲ့ရပြီး ကွင်းပိတ်ပြစ်ဒဏ်တွေလည်း ချမှတ်ခံထားရပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲမှာ အရင်ပြိုင်ပွဲတွေထက်ပိုပြီး လုံခြုံရေး တင်းကျပ်ဖို့ ဘောလုံးအဖွဲ့ချုပ်က စီစဉ်နေပါတယ်။

ဓာတ်ပုံ-အမ်အက်ဖ်အက်ဖ်

From : ဒီဗွီဘီ By လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/174755

No comments:

Post a Comment