
အိုမန်နဲ့ ခြေစမ်းပွဲမှာ ပိုကောင်းတဲ့ ခြေစွမ်းရဖို့ ပြင်ဆင် ထားတယ်လို့ မြန်မာ နည်းပြ ဂတ်ဆီဇီက ပြောပါတယ်။
မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းဟာ ဒီနေ့မှာ အိုမန် အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၄ ရက်က ကစားခဲ့တဲ့ အင်ဒို နီးရှားနဲ့ ဂိုးမရှိ သရေ ကျတဲ့ပွဲမှာ မြန်မာအသင်း ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပေမယ့် အိုမန်နဲ့ ခြေစွမ်း ပွဲမှာတော့ ပိုကောင်းတဲ့ ကစားပုံရဖို့ ပြင်ဆင် ထားတယ်လို့ မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဆီဇီက ပြောဆို လိုက်တာပါ။
“အိုမန်နဲ့ပွဲက ဆူဇူကီးဖလားအတွက် တကယ်ကောင်းမွန်တဲ့ ပြင်ဆင်မှုပါ။ နောက်ဆုံးခြေစမ်းပွဲလည်းဖြစ်လို့ ဒီပွဲမှာ ရလဒ်ကောင်းရဖို့ အရေးကြီးပါတယ်။
အိုမန်အသင်းက တဦးချင်းရော၊ အသင်းလိုက်ပါ ခြေစွမ်းကောင်းတဲ့အသင်းဖြစ်လို့ တောင့်တင်းတဲ့အသင်းပါ။ ဒီအချိန်က ဘောလုံးကိုပဲ အာရုံစိုက် ကစား ရတော့မယ့်အချိန်ဖြစ်လို့ ကစားသမားတွေကို အကောင်းဆုံးယှဉ်ပြိုင်ကြဖို့ ပြောထားပါတယ်။ အိုမန်နဲ့ပွဲမှာ အင်ဒိုနီးရှားနဲ့ပွဲကထက် မတူတဲ့ ကစားပုံကို မြင်တွေ့ရမှာပါ။”
အိုမန်နဲ့ပွဲမှာ ကစားပုံကောင်းရဖို့ထက် အနိုင်ရဖို့ပဲ ကြိုးစားကစားမယ်လို့လည်း အသင်းခေါင်းဆောင် ရန်အောင်ကျော်က ပြောပါတယ်။
“ကျနော့်အနေနဲ့ ပြောချင်တာကတော့ ပွဲရဲ့ရလဒ်ပေါ့နော်။ မြန်မာပရိသတ်တွေ လက်မခံနိုင်တာက ကျနော်တို့ ဒီလိုမျိုး သရေကျတာတို့၊ ရှုံးတာတို့ လက်မခံနိုင်ဘူး။ အသင်းတသင်းက နိုင်နေရင် အားလုံး အကုန်အဆင်ပြေတယ်။
ကစားပုံကောင်းတာ၊ မကောင်းတာထက် ရလဒ်ဦးတည်ကစားနေတော့ သရေရလဒ် ဖြစ်လာတော့ ကစားပုံ ကောင်းတယ်၊ မကောင်းဘူးဆိုတာ ပရိသတ် ဝေဖန်မှုတွေ ရှိတယ်ပေါ့။ ကျနော်တို့အနေနဲ့ မနက်ဖြန် အိုမန်နဲ့ပွဲကိုတော့ အကောင်းဆုံး ရင်ဆိုင်သွားမယ်၊ အကောင်းဆုံး အနိုင်ရလဒ်ရအောင်လို့ စွမ်းဆောင်သွားမယ် လို့ ပြောချင်ပါတယ်။”
အိုမန်နည်းပြ ဂျူအမ်ရာမို့ကတော့ မြန်မာအသင်းဟာ နည်းစနစ်ပိုင်းနဲ့ ကြံ့ခိုင်မှုအပိုင်းတွေမှာ ကောင်းတဲ့ ကစားသမားတွေ ရှိပေမယ့် အကောင်းဆုံးကစားပြီး အနိုင်ယူမယ်လို့ ဆိုပါတယ်။
အိုမန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ အိုင်ယာလန်နဲ့ ဂျပန်အသင်းတွေကို ၄ ဂိုး၊ ဂိုးမရှိနဲ့ နှစ်ပွဲစလုံး ရှုံးခဲ့ပါတယ်။
မြန်မာနဲ့ အိုမန်အသင်းတို့ဟာ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ၂ ပွဲ ကစားခဲ့ရာမှာ မြန်မာအသင်းက ၂ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။
From : ဒီဗွီဘီ by လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/176007

No comments:
Post a Comment