
ဒီဇင်ဘာလ အတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး နည်းပြဆုကို ချဲလ်ဆီးအသင်း နည်းပြ အန်တိုနီယိုကွန်တီ၊ အကောင်းဆုံးကစားသမားဆုကို မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်နှင့် အကောင်းဆုံး ဂိုးဆုကိုတော့ မန်ယူ ကွင်းလယ်လူ အမ်ခီတာရီယန်တို့က ဆွတ်ခူးရရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီဇင်ဘာလအတွင်း မန်စီးတီး၊ ၀က်စ်ဘရွန်း၊ ဆန်းဒါးလန်း၊ ခရစ္စတယ်ပဲလေ့စ်၊ ဘုန်းမောက် အပြင် စတုတ်စီးတီးအသင်းများနဲ့ ကစားခဲ့တဲ့ ပွဲစဉ် ၆ ပွဲစလုံးကို ပွဲတိုင်းအနိုင်ရခဲ့တာကြောင့် နည်းပြကွန်တီမှာ တစ်လတာ အကောင်းဆုံးနည်းပြဆုအား ရရှိခဲ့တာဖြစ်ပါတယ်။
ကွန်တီဟာ ဒီဆုကို ပြီးခဲ့တဲ့ အောက်တိုဘာလ၊ နိုဝင်ဘာလတွေမှာ ရရှိထားခဲ့တာဖြစ်ပြီး ဒီဇင်ဘာလအတွက် ထပ်မံရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် တစ်လတာ အကောင်းဆုံး နည်းပြဆုကို (၃) လဆက် ဆွတ်ခူးခဲ့သူ အဖြစ် မှတ်တမ်းဝင် ခဲ့ပါတယ်။
အကောင်းဆုံးကစားသမားဆုရရှိတဲ့ အသက် ၃၅ နှစ်အရွယ် မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်က ဒီဇင်ဘာလအတွင်းမှာ အသင်းအတွက် ပရီးမီးယားလိဂ် ၆ ပွဲမှာ ၅ ဂိုး သွင်းယူခဲ့ပြီး အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ မိုဗစ်ဟာ ၎င်းလအတွင်း ကစားခဲ့တဲ့ အဲဗာတန်၊ ခရစ္စတယ်ပဲလေ့စ်၊ ၀က်စ်ဘရွန်း၊ ဆန်းဒါးလန်း အသင်းများနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ မန်ယူအသင်းအတွက် ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆန်းဒါးလန်း အသင်းနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ အမ်ခီတာ ရီယန်ရဲ့Scorpion Kick ဂိုးကို ဒီဇင်ဘာလ အတွက် အကောင်းဆုံး ဂိုးအဖြစ် ရွေးချယ် ခဲ့ပါတယ်။
(ဓာတ်ပုံ - ပရီးမီးယားလိဂ်)
From : မဇ္ဈိမသတင်းဌာန
Originally published at - http://mizzimaburmese.com/article/22309





No comments:
Post a Comment