
မန်ယူ အသင်းက ယူရိုပါလိဂ် ၁၆ သင်း အဆင့်ကို တက်ရောက် သွားခဲ့ပြီ ဖြစ်ပေမယ့် ပြည်တွင်း ပွဲစဉ်တွေ ရေးဆွဲ ထားမှု အပေါ် နည်းပြ မော်ရင်ဟိုက ဒေါသ တကြီး ဝေဖန် လိုက်ကြောင်း သိရပါတယ်။
မန်ယူအသင်းဟ အက်ဖ်အေဖလားမှာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အက်ဖ်အေဖလားရမယ့်ပွဲစဉ်ပြီးရင် ယူရိုပါလိဂ် ဒုတိယအကျော့ကို ၇၂ နာရီအတွင်း ကစားရမှာဖြစ်ပါတယ်။ မန်ယူအသင်းက ၃၂ သင်းအဆင့်မှာ စိန့်အက်တီယန်းအသင်းကို အနိုင်ရပြီး နောက်တဆင့်တက်သွားခဲ့ပေမယ့် ၁၆ သင်းအဆင့်မှာ ဘယ်အသင်းနဲ့ တွေ့ဆုံရမယ်ဆိုတာကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှသာ သိရမှာဖြစ်ပါတယ်။
ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် အက်ဖ်အေဖလားပွဲစဉ်တွေက ကြိုတင်ရေးဆွဲထားပြီးသားဖြစ်လို့ ပွဲစဉ်တွေဟာ ဒီလိုကျပ်တည်းသွားရတာဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ဘယ်နိုင်ငံက ဘယ်အသင်းနဲ့တွေ့ရမယ်ဆိုတာ မသိသေးပေမယ့် အင်္ဂလန် ချယ်လ်ဆီးနဲ့ ရင်ဆိုင်ပြီး ၇၂ နာရီအတွင်း ယူရိုပါလိဂ်ကို အဝေးကြီးသွားကန်ရမယ်ဆိုရင်မန်ယူအသင်းအတွက်လုံးဝမလွယ်ဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။
" တကယ်လို့များ ကျွန်တော်တို့က တနင်္လာနေ့မှာချယ်လ်ဆီးအသင်းနဲ့ ကစားရပြီး နောက်ရက်ပိုင်းအတွင်း ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်အတွက် တူရကီ၊ ရုရှား၊ ဂရိတို့ကို သွားကစားရမယ်ဆို ရင်ဘယ်လိုလုပ်မလဲ။ အင်္ဂလိပ်ကလပ်အသင်းတွေ ရှေ့မှာဘာတွေ ရင်ဆိုင်ရမလဲဆိုတာကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။ ကျွန်တော်ကြုံနေရတာ အဲဒါပါပဲ" လို့ မော်ရင်ဟိုက ပြောခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ မန်ယူအသင်းက အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ မတ်လ ၁၃ ရက်နေ့တွေ့ဆုံရမှာဖြစ်ပြီး ၇၂ နာရီအတွင်းမန်ယူအသင်းက ယူရိုပါလိဂ် ဒုတိယအကျော့ကစားရမှာ ဖြစ်ပါတယ်။ " အက်ဖ်အေဖလားဆိုပေမယ့်ချယ်ဆီးအသင်းကိုတော့ ကျွန်တော် အရန်အသင်းနဲ့ မကစားနိုင်ဘူး။ မနှစ်က မန်စီးတီးအသင်း လုပ်သွားသလို ယူ၂၁ အသင်းနဲ့လည်း ကစားနိုင်ဘူး။ အက်ဖ်အေဖလားဟာ သမိုင်းကြောင်းရှိတဲ့ ပြိုင်ပွဲတစ်ခုပါ။ ကျွန်တော်တို့အသင်းက မန်ချက်စတာ ယူနိုက်တက်ဆိုတော့ ကျွန်တော်ဒီလိုလုပ်မှာမဟုတ်ပါဘူး" လို့ မော်ရင်ဟိုက ပြောခဲ့ပါသေးတယ်။
တကယ်လို့ ယူရိုပါလိဂ်ဟာ ဝေးလံခေါင်ဖျားတဲ့အရပ်မှာသွားကစားရမယ်ဆိုရင်တောင်မန်ယူအသင်းဟာ ချယ်လ်ဆီးကို အရန်အသင်းနဲ့ ရင်ဆိုင်မှာမဟုတ်ဘူးလို့ မော်ရင်ဟိုက ပြောခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းက အခုလာမယ့်တစ်ပတ်မှာ ဆောက်သမ်တန်အသင်းနဲ့လိဂ်ဖလား ဗိုလ်လုပွဲ ကစားရဦးမှာဖြစ်ပါတယ်။
Source : Daily Mail
From : Duwun by KK
Originally published at - http://www.duwun.com.mm/sports/epl/-id6267283.html

No comments:
Post a Comment