၂၀၁၉ အာရှ ဖလား ခြေစစ်ပွဲ အုပ်စုအေ ဒုတိယ ပွဲစဉ် အဖြစ် မကာအိုနဲ့ မြန်မာ အသင်းတို့ ဇွန်လ ၁၃ ရက်က ယှဉ်ပြိုင်ရာ မြန်မာက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
မြန်မာ အတွက် အနိုင်ဂိုး တွေကို တောင်ပံ ကစားသမား စည်သူအောင်က ၂ ဂိုး၊ တိုက်စစ်မှူး ကျော်ကိုကိုက ၁ ဂိုးနဲ့ ကွင်းလယ် ကစားသမား မင်းမင်းသူက ၁ ဂိုး အသီးသီး သွင်းယူပေး ခဲ့ပါတယ်။
အုပ်စုအဖွင့်ပွဲစဉ်မှာ အိန္ဒိယကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ မြန်မာအသင်းဟာ အခု ဂိုးပြတ်နိုင်ပွဲကြောင့် ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်ရှိလာခဲ့ပါတယ်။
မနေ့ကပဲ ယှဉ်ပြိုင်သွားတဲ့ အုပ်စုအေက အိန္ဒိယနဲ့ ကာဂျစ္စတန်တို့ ပွဲစဉ်မှာတော့ အိန္ဒိယက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒီအုပ်စုက ၂ ပွဲစီ ကစားအပြီးမှာ အိန္ဒိယက ၂ ပွဲနိုင် ၆ မှတ်နဲ့ အုပ်စုပထမ၊ မြန်မာနဲ့ ကာဂျစ္စတန်တို့က ၁ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၃ မှတ်စီ တူပေမယ့် ဂိုးကွာခြားချက် အသာနဲ့ မြန်မာက အုပ်စု ဒုတိယ၊ ကာဂျစ္စတန်က အုပ်စု တတိယ၊ မကာအိုကတော့ အမှတ်မရသေးဘဲ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
အုပ်စုတခုစီက ထိပ်ဆုံး ၂ သင်း တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး လာမယ့်နှစ် ယူအေအီးနိုင်ငံမှာ ကျင်းပမယ့် နောက်ဆုံးအဆင့်ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/212270
No comments:
Post a Comment