မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 2, 2015

လက်ရှိရာသီ မန်ယူ ကစားပုံ ပျင်းစရာကောင်းဟု ဝေဖန်မှုများ ထွက်ပေါ်




နောက်ဆုံး သုံးပွဲဆက် ဂိုးမရှိသရေ ရလဒ်တွေ ထွက်ပြီး နောက်ပိုင်း မန်ယူအသင်း ကစားပုံဟာ ဆယ်စုနှစ်တွေ အတွင်း ပျင်းစရာ အကောင်းဆုံး ကစားပုံလို့ ဝေဖန်မှုတွေ ထွက်ပေါ် လာပါတယ်။

ကာလင်းဖလားပြိုင်ပွဲမှာ ဘိုရိုအသင်းနဲ့ အချိန်ပိုထိ ဂိုးမရှိသရေကျ၊ ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးတဲ့ပွဲအပါအဝင် မန်ယူအသင်းဟာ ကစားချိန် ၅ နာရီ ၂၅ မိနစ်အတွင်းမှာ သွင်းဂိုး တဂိုးမှ မရခဲ့သလို ပေးဂိုးလည်း မရှိခဲ့တာပါ။

မန်ယူအသင်းဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၄ မှာ ရှိနေပေမယ့် သွင်းဂိုး ၁၅ ဂိုးပဲ ရသေးပါတယ်။

လက်ရှိ ဂိုးပေါက်ကန်သွင်းမှု မှတ်တမ်းတွေအရ မန်ယူအသင်းဟာ ဒီရာသီမှာ ကန်သွင်းမှု ၇၇ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး သူ့ထက်နည်းတာဆိုလို့ ဆန်းဒါးလန်း တသင်းသာ ရှိပါတော့တယ်။

မန်စီးတီးအသင်းက ၁၄၈ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး အာဆင်နယ်က ၁၄၃ ကြိမ် ရှိပါတယ်။

နည်းပြ ဗန်ဟားရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေးစနစ်ဟာလည်း အလုပ်မဖြစ်သလို ဖြစ်နေပြီး မန်ယူအသင်းဟာ တဘက်အသင်း ဂိုးပေါက်ကို တကြိမ်ခြိမ်းခြောက်ဖို့အတွက် ဘောလုံးပေးပို့မှုပေါင်း ၁၀၇ ကြိမ် ပြုလုပ်ထားရပြီး အများဆုံး ဖြစ်နေပါတယ်။

မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမား ပေါစခိုးကလည်း ဗန်ဟားရဲ့ နည်းစနစ်ကို အပြင်းအထန် ဝေဖန်ထားပါတယ်။

မန်ယူကစားသမားတွေဟာ ဂိုးရဖို့အတွက် ပုံမှန်ပေးပို့မှုတွေသာ ပြုလုပ်နေပြီး အရဲစွန့် ပေးပို့မှုတွေ မလုပ်ကြဘူးလို့ ပေါစခိုးက သုံးသပ်ပါတယ်။

လက်ရှိ မန်ယူအသင်းမှာ အသင်းခေါင်းဆောင် ရွန်နီကလည်း ခြေပျက်နေပြီး အသစ်ခေါ်ယူထားတဲ့ မာရှယ်တယောက်သာ တဘက်နောက်တန်းတွေကြား တိုးဝင်ဆွဲပြေး ခြိမ်းခြောက်မှု ပြုလုပ်နေတာပါ။

လက်ရှိခြေစွမ်းအရဆိုရင် မန်ယူအသင်းဟာ ချန်ပီယံဖြစ်ဖို့ ဝေးနေပြီး ပရီးမီးယားလိဂ် အဆင့် ၄ ရဖို့သာ မျှော်လင့်နိုင်မယ်လို့ အသင်းပရိသတ်တွေက ပြောဆိုနေကြပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/119696

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment