၁၉၈၅ ခုနှစ် ကနေ ၂၀၁၃ ခုနှစ် အထိ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အားကစား ကွင်းကြီး ဖြစ်ခဲ့တဲ့ သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး စခန်း (Youth Training Center) ဘောလုံး ကွင်းကြီးဟာ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းတွေ အတွက် နိုင်ငံတကာ ပြိုင်ပွဲတွေကို လက်ခံ ကျင်းပပေးနေ သလို ကွင်းပတ်လည်မှာ ရှိတဲ့ ကွန်ကရစ်လမ်းမ တစ်လျှောက်မှာလည်း ပလပ်စတစ် ဘောလုံးနဲ့ အစု အဖွဲ့အလိုက် ဘောလုံး ကစားနေတဲ့ လူငယ် အရေအတွက်က တစ်ရာ ဝန်းကျင်လောက်မှာ ရှိပါတယ်။
သူတို့တွေဟာ နိုင်ငံတကာ ဘောလုံး ပြိုင်ပွဲတွေ လက်ခံ ကျင်းပနေတဲ့ သုဝဏ္ဏ ဘောလုံး ကွင်းကြီးကို သူတို့နဲ့ မဆိုင်သလို လစ်လျုရှု ထားပြီး ကစားပွဲကို တကယ့် ပရော်ဖက်ရှင်နယ် ကစားသမား တွေလို အာရုံစိုက် ကစားနေတာပါ။
ဒီပုံရိပ်ဟာ ရန်ကုန်မြို့မှာ အများပြည်သူ လွတ်လပ်စွာ အခမဲ့ ကစားနိုင်မယ့် မြေနေရာ လွတ်တွေ၊ ကစားကွင်းတွေ ရှားပါးမှုကို မီးမောင်း ထိုးပြနေ တာပါ။
မြေနေရာလွတ် ရှားပါးနေတဲ့ ရန်ကုန်မြို့
မြန်မာနိုင်ငံရဲ့စီးပွားရေး မြို့တော် ရန်ကုန်ဟာ တစ်နေ့ တစ်ခြား မြေနေရာလွတ် ရှားပါးလာပြီး ဘောလုံးကွင်း တစ်ကွင်း၊ ပန်းခြံတစ်ခု အတွက် ပြည်သူတွေ ဆန္ဒပြနေရတဲ့ အခြေအနေ အထိကို ရောက်ရှိ နေပါပြီ။
ဘောလုံးသမားတွေ ပေါ်ထွက်လာဖို့ ဆိုတာ ဘောလုံးကွင်းတွေ ရှိဖို့ လိုပါတယ်။ ဒါက အခြေခံ အကျဆုံး သီအိုရီပါ။ ဘောလုံး ကစားဖို့ နေရာမရှိ ပဲနဲ့တော့ ဘောလုံးသမား ဘယ်လိုဖြစ်မလဲ။
ဒီစကားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်အောင်က ပြောတာပါ။ မြန်မာနိုင်ငံဟာ ဘောလုံးကို တစ်နိုင်ငံလုံး နီးပါး စိတ်ဝင် တစား အားပေးပြီး လူငယ်တိုင်း ကလည်း ဘောလုံး ကစားဖို့ စိတ်အား ထက်သန် ပါတယ်။
ဒီလို ဘောလုံးကွင်းတွေ ရှားပါးမှုက လမ်းမတွေပေါ်က ဘောလုံးပွဲ လေးတွေကို ဖန်တီးပေး ခဲ့တာပါ။ ဒီနေ့ကလေးတွေ ကတ္တရာလမ်းတွေ၊ ကွန်ကရစ် လမ်းတွေမှာ ဘောလုံးကစားနေကြရတယ်။
ဒီတော့ လက်ရွေးစင် ဘောလုံးသမား တစ်ယောက်ဖြစ်လာဖို့ အခြေခံကျတဲ့ ဘောလုံးပညာတွေနဲ့ ဝေးလာပြီပေါ့။ ကျွန်တော်တို့ဆို ငယ်ငယ်ကတည်းက ဘောလုံးကန်ဖိနပ်နဲ့ ဘောလုံးကွင်း အစစ်တွေမှာ ကစားခွင့်ရခဲ့တာလို့ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ၊တစ်ချိန်က ဘန်နီတင်အောင်လို့ လူသိများခဲ့တဲ့ ဦးတင်အောင်က သူတို့ခေတ်က လူငယ်ဘဝနဲ့ ဒီခေတ် လူငယ်တွေ ဘဝကို နှိုင်းယှဉ်ပြ ခဲ့ပါတယ်။
လမ်းမပေါ်က ပရော်ဖက်ရှင်နယ်လိဂ်
မြန်မာနိုင်ငံမှာ ပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲကို ၂၀ဝ၉ ခုနှစ်မှ စတင် ကျင်းပခဲ့တာဖြစ်ပေမယ့် လမ်းပေါ်က ပရော်ဖက်ရှင်နယ် လိဂ်ပြိုင်ပွဲတွေ ကတော့ လွန်ခဲ့တဲ့ နှစ်ပါင်း နှစ်ဆယ်ကျော် လောက် ကတည်းက ထွန်းကားနေတာပါ။
ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ တစ်ဖက် ငါးယောက်(သို့) လေးယောက်စီ ကစားတဲ့ ဘောလုံးပွဲငယ်တွေ (သူတို့အခေါ် ဂိုးကျဉ်းပြိုင်ပွဲတွေ) ဟာ ငွေရေး ကြေးရေးအရ လောင်းကြေးနဲ့ ကစားနေကြတဲ့ ပွဲတွေပါ။ ဘောလုံးပွဲတိုင်းမှာ အချိန်ကန့်သတ်ချက်နဲ့ လောင်းကြေးထပ် ကစားသလို၊ ဂိုးအရေအတွက်အလိုက်လဲ လောင်းကြေးထပ် ကစားကြပါတယ်။
ပွဲတိုင်းက ပိုက်ဆံကြေး ကစားကြတာပါ။ သူငယ်ချင်းတွေ အအေးတိုက်ကြေးတို့ တစ်ဂိုး တစ်ရာတို့လို အပျော်ကစားတာရှိသလို ပွဲတစ်ပွဲကို လောင်းကြေး သိန်းချီပြီး ရှိတဲ့အထိ ပွဲကောင်းသွားတာတွေလည်း ရှိပါတယ်လို့ တာမွေမြို့နယ်ကနေ သုဝဏ္ဏကွင်းပြင်ပ ကွန်ကရစ်လမ်းမှာ ဘောလုံးလာကစားတဲ့ ကိုသောင်းထိုက်က ပြောပါတယ်။
နိုင်ငံတကာမှာတော့ ဒီလို လမ်းပေါ်မှာ ဘောလုံးကစားတာကို Street Football လို့ ခေါ်ပြီး ကစားပုံစည်းမျဉ်းနဲ့ ကစားတဲ့ ပုံစံကတော့ မြန်မာနိုင်ငံနဲ့ ကွဲပြားပါတယ်။ Street Football က ဘောလုံးစွမ်းရည်ကို အသားပေး ကစားရတာဖြစ်ပြီး မြန်မာနိုင်ငံက ရိုးရာခြင်းလုံး အလှပြပုံနဲ့ ဆင်တူပါတယ်။
မြန်မာနိုင်ငံမှလည်း လမ်းမပေါ်က ဘောလုံးပွဲတွေကို Street Football လို စနစ်တကျ ဖြစ်အောင် ဦးဆောင် လုပ်ကိုင်ပေးမယ့်လူတွေ ရှိရင်ကောင်းမယ်လို့ ဘောလုံးဝါသနာရှင် ကိုနန္ဒက သူ့အမြင်ကို ပြောပါတယ်။
“Street Football က မိုက်တယ်ဗျ။ နိုင်ငံခြားမှာ ကစားတာကို ကျွန်တော်တို့လည်း တွေ့ဖူးတယ်။ ဒီမှာလဲ လမ်းပေါ်မှာ ကစားနေကြတဲ့သူတွေက လက်ရွေးစင်ဖြစ်ဖို့ ကစားနေတာ မဟုတ်ဘူးလေ။
ကျန်းမာရေးနဲ့ ဝါသနာအရသာ ဘောလုံးကစားနေတာ။ တကယ်လို့ Street Football ပြိုင်ပွဲလို ပွဲတွေ မြန်မာနိုင်ငံမှာ ရှိလာရင် ဒီလူတွေလည်း လက်ရွေးစင်ဖြစ်ခွင့် ရှိလာနိုင်တာပေါ့” ဒါကတော့ လမ်းပေါ်မှာ ဘောလုံးကစားနေတဲ့ လူငယ်တစ်ယောက်ရဲ့ စိတ်ကူးမျှော်လင့်ချက်ပါ။
ရန်ကုန်မှာ ထွန်းကားနေတဲ့ ဘောလုံးကွင်းအငှား စီးပွားရေး
ရန်ကုန်မြို့က လူငယ်တွေ လမ်းမတွေပေါ်မှာ ဘောလုံးထွက် ကစားနေရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ ဘောလုံးကွင်းတွေမှာ ကစားခွင့်ရဖို့အတွက် အခကြေးငွေနဲ့ ငှားရမ်းနေရတာပါ။
ရန်ကုန်မြို့မှာ ရှိပြီးသား ဘောလုံးကွင်းတွေနဲ့ မြေနေရာလွတ်တွေမှာ ဘောလုံးကစားခွင့်ရဖို့ လူငယ်တွေဟာ အချိန်ပိုင်းနဲ့ ငွေကြေးအကုန်အကျခံ ငှားရမ်းသုံးစွဲနေရပါတယ်။ ဘောလုံးကွင်းတွေရဲ့ ငှားရမ်းခကလဲ တစ်နာရီ သုံးထောင်ကနေ ငါးသိန်းအထိ ရှိပါတယ်။
ငွေကြေးတတ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပိုင် ဖူဆယ်ကွင်းနဲ့ မြက်ခင်းတု လေ့ကျင့်ရေးကွင်းတွေကိုလည်း ငှားရမ်း ကစားနိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဖူဆယ်ကွင်းက တစ်နာရီ တစ်သောင်း၊ မြက်ခင်းတုကွင်းက တစ်နာရီ တစ်သိန်းနဲ့ ငှားကစားနိုင်ပါတယ်။ ဒါကလည်း လူငယ်တွေ ကစားကွင်း ရှားပါးချိန်မှာ ဘောလုံးကစားခွင့်ရဖို့ စီစဉ်ပေးတာပါ။
ကွင်းတည်ဆောက်မှု အသုံးစရိတ်ကိုလည်း အဖွဲ့ချုပ်ကပဲ ကျခံတာပါလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကွင်း ရုံတာဝန်ခံ ဦးသိန်းဝင်းက ပြောပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဖူဆယ်ကွင်း နှစ်ကွင်း တည်ဆောက်ရာမှာ ကုန်ကျစရိတ် သိန်းတစ်ထောင်ကျော်ရှိပြီး မြက်ခင်းတုကွင်း တည်ဆောက်စရိတ်က သိန်းငါးထောင်လောက် ရင်းနှီးမြှုပ်နှံထားရတာပါ။
ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်ထားရတဲ့ ကွင်းကောင်းတွေကို ပိုက်ဆံပေးငှားပြီး ဘောလုံးကစားရတာ တန်ပေမယ့် တက္ကသိုလ်နယ်မြေထဲမှာ မြေနေရာလွတ်ကို ငွေပေးပြီး ကစားနေရတာ မတန်ဘူးလို့ ကမာရွတ်မြို့နယ်က ကိုချိုကိုက ပြောပါတယ်။
“တက္ကသိုလ်ထဲမှာ မြေနေရာလွတ်တွေကို ပိုက်ဆံပေးနေရတာ မမိုက်ပါဘူး။ အငှားနဲ့ လုပ်စားနေတဲ့လူတွေက ကျောင်းနဲ့လဲ မဆိုင်ဘူး။ ဝင်ကြေး ငါးဆယ်ဆိုပြီးလည်း ကောက်သေးတယ်” လို့ သူက ပြောပါတယ်။
ဆက်လက်ရှင်သန်နေဦးမယ့် လမ်းပေါ်က ခြေထောက်များ
ဒီနေ့ခေတ် အခြေအနေအရတော့ ရန်ကုန်မြို့မှာ လမ်းပေါ်က ဘောလုံးပွဲတွေဟာ ဆက်လက် ရှင်သန်နေဦးမှာပါ။ ကမ္ဘာ့ဘောလုံးလောကမှာ လမ်းမပေါ်ကနေ ကမ္ဘာကျော်လာတဲ့ ဘောလုံး သမားတွေ အများကြီး ရှိပါတယ်။ ဒီလိုပဲ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်ကနေ မြန်မာ့လက်ရွေးစင်အသင်းအတွက် ဘောလုံးသမားတွေ ပေါ်ထွက်လာဖို့လည်း မျှော်လင့်နိုင်ပါတယ်။
လမ်းပေါ်မှာ ဘောလုံးကစားနေတဲ့ လူငယ်အများစုဟာ ဝါသနာအရ၊ ကျန်းမာရေးအရသာ အားကစားလုပ်နေတာဖြစ်ပြီး မြင့်မားတဲ့ ရည်ရွယ်ချက်မရှိပေမယ့် သူတို့ကို စနစ်တကျ ဘောလုံး ကစားနိုင်အောင် ကူညီဆောင်ရွက်နိုင်ရင် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားတွေ ဖြစ်လာဖို့ မျှော်လင့်နိုင်ပါတယ်။
ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေဟာ ဝင်ငွေ အလွန်ကောင်းကြတဲ့ အတွက် သူတို့ခြေထောက်တွေကို ရွှေခြေထောက်၊ ငွေခြေထောက်တွေလို့ တင်စားခေါ်ဝေါ်ကြပါတယ်။
ဒါဆိုရင် ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်က ကတ္တရာခြေထောက်၊ ကွန်ကရစ်ခြေထောက်တွေရဲ့လားရာကရော...
မဇ္ဈိမသတင်း by mzmm_admin
Originally published at - http://mizzimaburmese.com/article/9076
No comments:
Post a Comment