မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 20, 2015

ကလပ် ကမ္ဘာ့ဖလား ဘာစီလိုနာ သုံးကြိမ်မြောက် ဆွတ်ခူး




ဘာစီလိုနာ အသင်းနှင့် ရေဗာပလိတ် အသင်းတို့ ယှဉ်ပြိုင်သော ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ဘာစီလိုနာ အသင်းက မက်ဆီ၊ ဆွာရက်ဇ် တို့၏ သွင်းဂိုး များဖြင့် သုံးဂိုး ဂိုးမရှိ အနိုင် ရရှိကာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံဆုကို သုံးကြိမ်မြောက် ဆွတ်ခူး သွားခဲ့သည်။

ဂျပန်နိုင်ငံ ယိုကို ဟားမားမြို့တွင် ကျင်းပ ခဲ့သော ဗိုလ်လုပွဲတွင် ဘာစီလိုနာ အသင်းအတွက် အဖွင့်ဂိုးကို ဗိုလ်လု ပွဲတွင်မှ ကစားနိုင်ခဲ့သော တိုက်စစ်မှူး မက်ဆီက ၃၆ မိနစ်တွင် သွင်းယူပေး ခဲ့သည်။

တောင်အမေရိက ချန်ပီယံ ရေဗာ ပလိတ်မှာ လျှင်မြန်မှုကို အသားပေးပြီး အတင်းဝင် အတင်းထွက် ပုံစံဖြင့် ဘာကာကို ရဲရဲ တင်းတင်း ကစားခဲ့၍ ပထမပိုင်းတွင် ဘာကာတို့ ဂိုးရရန် ရုန်းကန် ခဲ့ရသည်။

အဖွင့်ဂိုး ရရှိပြီးနောက် ရေဗာပလိတ် ဖိအား ၀င်သွားသည့် အတွက် နေရာလွတ် များစွာ ဖြစ်ပေါ်ခဲ့ပြီး ဘာကာ အတွက် ဂိုးသွင်းခွင့် များစွာ ရရှိ လာသည်။

အနိုင်သေချာ စေမည့် ဒုတိယ ဂိုးကို ဆွာရက်ဇ်က ဘတ်စကွက်စ်၏ မျောချပေး လိုက်သည့် ဘောလုံးမှ တစ်ဆင့် ဂိုးသမားနှင့် တစ်ဦးချင်း အတွေ့တွင် သွင်းယူပြီး၊ ပွဲသိမ်း ဂိုးကို မက်ဆီနှင့် နေမာ ဖန်တီးပေးပို့ မှုမှ ဆွာရက်ဇ် ကပင် ၆၈ မိနစ်တွင် ထပ်မံ သွင်းယူ ခဲ့ခြင်းဖြစ်သည်။

ဆွာရက်ဇ်မှာ ဗိုလ်လုပွဲတွင် နှစ်ဂိုး သွင်းခဲ့သည့် အတွက် ပြိုင်ပွဲတွင် နှစ်ပွဲ ကစားပြီး ငါးဂိုး သွင်းယူနိုင် ခဲ့ခြင်း ဖြစ်သည်။

တတိယဂိုး သွင်းယူပြီးနောက် နှစ်သင်း စလုံး ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း ထပ်မံ ဂိုးသွင်းနိုင်ခြင်း မရှိပေ။ ဒဏ်ရာမှ သက်သာ လာပြီး ပြန်လည် ပါဝင်လာ ခဲ့သော တိုက်စစ်မှူး နေမာမှာ ဂိုးသွင်းရန် အခွင့်အရေး များစွာ ရရှိ ခဲ့သော်လည်း ဂိုးသွင်း လိုစိတ် ပြင်းပြနေပြီး လောနေကာ ကိုယ်တိုင် ဂိုးမသွင်းနိုင် ခဲ့ပေ။

ပြိုင်ပွဲ၏ အကောင်းဆုံး ရွှေဘောလုံးဆုကို ဆွာရက်ဇ်က ရရှိပြီး၊ ငွေဘောလုံး ဆုကို ဗိုလ်လုပွဲတွင် ခြေစွမ်းပြ ခဲ့သည့် မက်ဆီက ရရှိကာ ကြေးဘောလုံး ဆုကို ကွင်းလယ် ဖန်တီးရှင် အင်နီရေ စတာက ရရှိခဲ့သည်။

ဘာစီလိုနာ အသင်းမှာ ကလပ် ကမ္ဘာ့ဖလားကို သုံးကြိမ်မြောက် ရရှိ ခဲ့ခြင်းကြောင့် အကြိမ်အများဆုံး ရရှိထားသော အသင်းအဖြစ် စံချိန်သစ်ကို စိုက်ထူနိုင် ခဲ့သည်။

7Day News Journal

Original link - https://www.facebook.com/7daynews/


No comments:

Post a Comment