
ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအဆင့် ပထမအကျော့ ပွဲစဉ်မှာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးက ယူကရိန်းကလပ် ဒိုင်နမိုကိယက်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ယူကရိန်းမှာ ကစားတဲ့ ဒီပွဲရဲ့ ပထမပိုင်းမှာ မန်စီးတီးအသင်းက ပွဲကို ထိန်းချုပ်ထားပြီး တိုက်စစ်မှူး အဂွီရိုက ပွဲချိန် ၁၅ မိနစ်မှာ ပထမဂိုး သွင်းယူပါတယ်။
ဒီနောက် ပွဲချိန် မိနစ် ၄၀ မှာ ဒေးဗစ်ဆေးဗားက ဒုတိယဂိုးကို သွင်းယူပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၅၈ မိနစ်မှာတော့ ဘိုင်ယပ်စကီးက ဒိုင်နမိုကိယက်အတွက် ချေပဂိုး သွင်းယူခဲ့ပေမယ့်လည်း မိနစ် ၉၀ မှာ မန်စီးတီးက ယာယာတိုရေး တတိယဂိုး သွင်းယူပြီး ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလဒ်ကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
ဒီပွဲမှာ ၂ ဘက်အသင်း ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်း ကွာဟချက် သိပ်မရှိခဲ့ပေမယ့် မန်စီးတီး ကစားပုံက ကောင်းလွန်းတယ်လို့ ဘောလုံးပွဲ သုံးသပ်သူတွေက ပြောပါတယ်။
မတ် ၁၅ ရက်မှာတော့ ဒုတိယအကျော့အဖြစ် မန်စီးတီးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။
တရက်တည်းမှာပဲ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ် တခြားပွဲစဉ်အဖြစ် နယ်သာလန်ကလပ် ပီအက်စ်ဗွီအိုင်ဟိုဗန်နဲ့ စပိန် လာလီဂါကလပ် အက်သလက်တီမက်ဒရစ်တို့ ပွဲမှာတော့ ဂိုးမရှိ သရေကျသွားပါတယ်။
ဒုတိယပိုင်း ၆၈ မိနစ်မှာ အိုင်ဟိုဗန်အသင်းက ကစားသမားတဦး ၂ ၀ါတနီနဲ့ အထုတ်ခံခဲ့ရပေမယ့်လည်း အက်သလက်တီကိုက ဂိုးရအောင် သွင်းယူနိုင်ခဲ့ခြင်း မရှိလို့ သရေနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/136881





No comments:
Post a Comment