လက်စတာ အသင်းတွင် ကြီးမားသည့် ဒဏ်ရာ ပြဿနာများ မရှိခြင်းက ကံကောင်းခြင်းဟု မန်စီးတီး နည်းပြ ပယ်လီဂရီနီက ပြောဆို လိုက်သည်။
မန်စီးတီး အသင်းသည် ပြီးခဲ့သည့် စနေနေ့က လက်စတာ အသင်းကို အိမ်ကွင်း အီတီဟတ်တွင် ၁-၃ ဂိုးဖြင့် ရှုံးနိမ့် ခဲ့ရသည့် အတွက် ယခု အမှတ်ပေးဇယား အဆင့်လေး နေရာသို့ ရောက်ရှိ သွားပြီး ထိပ်ဆုံးမှ လက်စတာနှင့် ခြောက်မှတ် ကွာဟ သွားပြီဖြစ်သည်။
မန်စီးတီးအသင်းသည် လာမည့်အပတ်တွင် အဆင့်နှစ်မှ စပါးအသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ယခုမန်စီးတီးအသင်းတွင် ဒဏ်ရာရကစားသမားခြောက်ဦးအထိရှိနေပြီး အဓိက ကွင်းလယ်လူ ဆေးလ်ဗားမှာလည်း ဒဏ်ရာရစာရင်းတွင် ထပ်မံပါဝင်လာခဲ့သည်။
'အသင်းမှာ ဒဏ်ရာရ ကစားသမား ခုနှစ်ဦးအထိ ရှိနေပါတယ်။ နေရာတူတဲ့ ကစားသမားတွေပါ။ နောက်ခံအတွင်းလူတွေဖြစ်တဲ့ ကွန်ပနီနဲ့ မန်ဂါလာ၊ တိုက်စစ်မှာဆို ဒီဘရိုင်းနဲ့ နာဗက်စ်၊ ပြီးတော့ ဘိုနီ၊ နာဆရီတို့ ပါ။ ခု ဆေးလ်ဗားလည်း ဒဏ်ရာထပ်ရခဲ့ပြန်ပါပြီ။ ဒါက တကယ်ကို အခက်အခဲ ပိုဖြစ်စေပါတယ်။
လာမည့်ရက်အနည်းငယ်မှာ ပြန်ကောင်းလာမယ်လို့တော့ မျှော်လင့်ထားပါတယ်။ အရေးကြီးတဲ့လတွေမှာ ကစားသမား ၁၄ ယောက်လောက်နဲ့ပဲ ကစားခဲ့ရပါတယ်။ ဘယ်တော့မှ အင်ပြည့်အားပြည့်မရခဲ့ပါဘူး' ဟု ပယ်လီဂရီနီက ပြောသည်။
ထို့အပြင် ၎င်းက လက်စတာအသင်းသည် ဒဏ်ရာပြဿနာအနည်းငယ်သာရှိပြီး လိဂ်ပြိုင်ပွဲတစ်ခုတည်းကိုသာ အာရုံစိုက်နေရသည့်အတွက် ပရီးမီးယားလိဂ်ချန်ပီယံလမ်းကြောင်းတွင် အရေးသာနေခြင်းဖြစ်သည်ဟု ဆိုသည်။
'လက်စတာအသင်းမှာ ဒဏ်ရာရတဲ့ ကစားသမားအများကြီးမရှိပါဘူး။ ဒါကြောင့် သူတို့က ပွဲတိုင်းကို တူညီတဲ့ကစားသမားစာရင်းနဲ့ ကစားနိုင်ပါတယ်။ ဒါက အလွန်အရေးပါ ပါတယ်။
ရာသီဆုံးတဲ့အထိ ချန်ပီယံလမ်းကြောင်းမှာ အရေးသာနေဖို့ အဲ့ဒီတစ်ခုတည်းလိုအပ်တယ်လို့တော့ ကျွန်တော်မထင်ပါဘူး' ဟု ပယ်လီဂရီနီက ဆိုသည်။
နောက်ဆုံးတွင် ပယ်လီဂရီနီက လာမည့်အပတ်တွင် ကစားရမည့် စပါးနှင့်ပွဲစဉ်ကို သေချာပေါက်အနိုင်ရအောင် ကစားမည်ဟုဆိုသည်။ ပွဲစဉ် ၂၆ တွင် လက်စတာအသင်းမှာ အာဆင်နယ်အသင်းနှင့် အဝေးကွင်းတွင် ကစားရမည် ဖြစ်သည်။
မဇ္ဈိမသတင်း by mizzima
Originally published at - http://mizzimaburmese.com/article/10950
No comments:
Post a Comment