
မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ၂၀၁၆ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲ အုပ်စု ပြိုင်ပွဲ မှာတော့ မြန်မာက သြစတြေးလျ၊ မလေးရှား အပါအ၀င် ဖိတ်ခေါ် အသင်း တသင်းနဲ့ အုပ်စု (ခ) မှာ ကျရောက် နေပါတယ်။
မတ် ၁၂ ရက်က မဲခွဲ ဆုံးဖြတ် ခဲ့တာ ဖြစ်ပြီး တိုင်ပေ၊ ဂျပန်၊ တောင်ကိုရီးယား အသင်းတွေ ထဲက တသင်းကို ဖိတ်ခေါ် ထားတယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန် ပါတယ်။
အုပ်စု (က) မှာတော့ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင် တို့ပါဝင် ကစားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲတွေကို မန္တလေးမြို့ မန္တလာသီရိ ဘောလုံး ကွင်းမှာ ဇူလိုင် ၂၆ ကနေ သြဂုတ် ၄ ရက် အထိ ကျင်းပမှာ ဖြစ်ပြီး ပွဲစဉ် အသေးစိတ်ကို နောက်ပိုင်းမှာ ထုတ်ပြန် သွားမှာ ဖြစ်ပါတယ်။
အလားတူ ၂၀၁၆ ခုနှစ် အာဆီယံ ယူ ၁၆ လူငယ်ပြိုင်ပွဲ အုပ်စု ပွဲမှာတော့ မြန်မာ ယူ ၁၆ အသင်းဟာ အုပ်စု (က)မှာ သြစတြေးလျ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူ အသင်းများနှင့် အတူ ကျရောက် နေပါတယ်။
အုပ်စု (ခ) မှာတော့ ကမ္ဘောဒီးယား ထိုင်း၊ လာအို၊ တီမော၊ ဘရူနိုင်းနဲ့ ယှဉ်ပြိုင်ဖို့ အတည် မပြုသေးတဲ့ အင်ဒိုနီးရှားတို့ အုပ်စု တခုတည်း ကျရောက် နေပါတယ်။
ယူ ၁၆ ပြိုင်ပွဲ တွေကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဇူလိုင် ၁၀ ကနေ ၂၃ ရက် အထိ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/139197

No comments:
Post a Comment